
မြန်မာနိုင်ငံမှာဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုလိုက်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အကြီးအကဲ ဂူတာရက်စ် စင်တင်ဘာ ၇ ရက်က ဆွေးနွေးပွဲပြင်ပမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။
အန်တိုနီယိုဂူတာရက်စ်က “မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကို နားထောင်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်သွားဖို့အတွက် တံခါးဖွင့်ပေးဖို့ မြန်မာစစ်အာဏာရှင်တွေကို ကျနော် အရေးတကြီး ထပ်လောင်း တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို အလွန်အမင်း စိုးရိမ်တဲ့အကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အားပေးထောက်ခံတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံရဲ့ နောက်ဆုံးနေ့ အစည်းအဝေးတွေကို ဒီနေ့ စက်တင်ဘာ ၇ ရက်က ကျင်းပရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လည်း တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံ ဒေသဆိုင်ရာ အစုအဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန်တို့ပါတဲ့ ကျယ်ပြန့်တဲ့ ဖိုရမ်ဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကိုလည်း ကျင်းပနေပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ အာဆီယံခေါင်းဆောင်တွေဟာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပျက်ကွက်မှုတွေနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြပြီး ရပ်တန့်နေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။
Source/Photo-Reuters