
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ကျောက်လုံးကြီး (KLG-PDF) တပ်က ဒုတပ်စိတ်မှူး တယောက် မိုင်းမတော်တဆမှုကြောင့် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
စက်တင်ဘာ ၄ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရာ လမ်းကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦးက မိုးရွာနေချိန် မိုင်းထောင်ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး ဒုတပ်စိပ်မှူး ကိုသက်ပိုင်စိုး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မိုးတွေရွာနေချိန် ဝါယာရှော့ဖြစ်ပြီး ကျသွားတာပါ။ အတူပါသွားတဲ့ တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သူက အငယ်ဆုံးလို့ ပြောလို့ရတယ်။ အထက်တန်းကျောင်းသားပါ။ မနေ့ကပဲ အမိန့်ပြန်တမ်းနဲ့ မီးသင်္ဂြိုဟ်လိုက်ပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်းမတော်တဆမှုကြောင့်သေဆုံးသွားသူဟာ ယင်းမာပင်ခရိုင် တပ်ရင်း-၂၁ ကျောက်လုံးကြီး (KLG-PDF) တပ်ဖွဲ့မှ ဒုတပ်စိပ်မှူး ကိုသက်ပိုင်စိုး အသက် ၂၁ နှစ်ဖြစ်ပြီး သူဟာ လက်နက်ကိုင်တော်လှန်ရေး အစတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ချိန် ၂ နှစ်ကျော်ကာလအတွင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း-၂၁၊ ၂၂၊ ၂၃ တို့က တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo KLG-PDF