
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တရားမဝင်သစ်တွေနဲ့ တရားခံတွေကို ဧပြီလအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) က ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကသာခရိုင်အတွင်းက မြို့နယ်တွေမှာ တရားမဝင် ကျွန်းခွဲသား ၅ ဒသမ ၉၇၅၂ တန်၊ ကျွန်းသစ်လုံး ၇ ဒသမ ၇ တန်နဲ့ တခြားသစ်လုံး ၂ တန်၊ အခြားခွဲသား ၂ ဒသမ ၇ တန်၊ သစ်မဟုတ်တဲ့ သစ်တော ထွက်ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင်အတွင်းက မြို့နယ်တွေမှာလည်း တရားမဝင် ကျွန်းခွဲသား ၆ တန်၊ ကျွန်းသစ်လုံး ၉ တန်၊ အင်/ ကညင် သစ်လုံး ၁၃ တန်ခွဲ၊ အင်/ကညင်ခွဲသား ၃၁ တန်၊ ဆက်စပ်ပစ္စည်းတွေနဲ့ တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မကွေးတိုင်း ဂန့်ဂေါခရိုင် အတွင်းမှာလည်း တရားမဝင်သယ်ဆောင်လာတဲ့ သစ်မဟုတ်တဲ့ သစ်တောထွက်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုတွေကို သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့ (TAB-NR) အဖွဲ့ဝင်တွေ၊ မြို့နယ် ပကဖတွေနဲ့ ပလဖတွေ၊ တိုက်နယ် ပကဖနဲ့ ပလဖတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိတဲ့ ကြားကာလ အရေးပေါ်လုပ်ထုံးလုပ်နည်းတွေအတိုင်း အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။










