
ထိုင်းအာဏာသိမ်းစစ်ကောင်စီရဲ့ တရားစွဲခံရလို့ ထောင်ဒဏ်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက် ဆင်ရှင်နာဝပ်ဟာ လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံထားတယ်လို့ ဒုဝန်ကြီးချုပ် နိုင်းဝိစနု ခေးငမ်းက ပြောပါတယ်။
ဒါဟာ နေ့ထူးနေ့မြတ်အထိမ်းအမှတ်တောင်းဆိုတာမဟုတ်သလို အထူးအခွင့်အရေးအနေနဲ့ တောင်းဆိုတာမဟုတ်ဘဲ အမှုယတိပြတ် ဆုံးဖြတ်ခံရတဲ့ အကျဉ်းသားတိုင်း တောင်းဆိုခွင့်ရှိကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဘယ်တော့ရမလဲ၊ ဘယ်လောက် ရမလဲဆိုတာကတော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
သူ့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ဘယ်လိုကောင်းမွန်စွာ နေထိုင်ပြုမူနေထိုင်တယ်ဆိုတဲ့အပေါ် မူတည်တယ်၊ အတိတ်ဆိုတာ အရေးယူမခံရခင်က တိုင်းပြည်အတွက် အများကောင်းကျိုးအတွက် ဘာတွေ ဆောင်ရွက်ခဲ့သလဲ ၊ ပစ္စုပ္ပန် ပြစ်ဒဏ်ခံယူဆဲကာလမှာ စည်းကမ်းသေဝပ်မှု၊ ထောင်ထဲမှာ ကောင်းကျိုးပြုမှု (ဥပမာထောင်သားတွေကို စာပြန်သင်ပေးတာ၊ သမာဓိလေ့ကျင့်ခန်းတွေ အောင်မြင်တာ )ရှိတယ်၊ အနာဂတ် ထောင်ကနေလွတ်မြောက်သွားရင် အများကောင်းကျိုးအတွက် ဘာတွေလုပ်ဆောင်မလဲ ဆိုတာတွေအပြင်၊ ဘုရင်ကြီးရဲ့ မဟာဂရုဏာတော်ပေါ်လည်း မူတည် တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ ထောင်ထဲဝင်ပြီးတာနဲ့ ကျန်းမာရေးကြောင့် ရဲဆေးရုံမှာတက် ရောက် ကုသနေရတယ် ဆိုပေမဲ့ သူ့မိသားစုကလွဲလို့ ဘယ်သူမှ မမြင်ရကြောင်း၊ တကယ်ဆေးရုံမှာရှိနေသလား၊ ပုဂ္ဂလိကဆေးရုံမှာလား၊ ဒါမှမဟုတ် တခြားတနေရာမှာလား ဆိုတာ လူတွေသံသယရှိနေတယ်လို့ သတင်းထောက်ကမေးတဲ့ပေါ်မှာ ဒုဝန်ကြီးချုပ်က ကျနော့်မှာရှိတဲ့ ခရက်တစ်နဲ့ အာမခံပါတယ်၊ ဘန်ကောက်အထူးအကျဉ်းထောင်မှာ တကယ် နေမကောင်းဖြစ် ခဲ့တယ်၊ ရဲဆေးရုံကို ပို့ရတယ်၊ သွေးတိုးက ၂၀၀ နီးပါးတက်တယ်၊ စိတ်ဖိစီးမှုရှိတယ်၊ အလာဂျီဖြစ်တယ်၊ သွေးသန့်ဆေးထိုးရတယ်၊ ဘယ်သူမဆိုသွားကြည့်နိုင်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ရဲဆေးရုံရဲ့ အထူးစပါယ်ရှယ်ထပ်က အခန်းမှာတက် ရောက်ကုသနေပြီး ဆေးရုံအောက်မှာတော့ သူဟာအခွင့်ထူးယူခံနေတယ်၊ တခြားအချုပ်သားတွေနဲ့ တန်းတူ အကျဉ်းထောင်ဆေးရုံမှာ ပြန်တက်ပါ၊ နိုင်ငံပိုင်ငွေတွေဆုံးရှုံးအောင် ပြည်သူ့အခွန်ငွေတွေ ဆုံးရှုံးအောင် အာဏာအလွှဲသုံးစားလုပ်ခဲ့တယ်၊ ဒါကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မထိုက်တန် စသဖြင့် လာရောက်ဆန္ဒပြသူတွေလည်း နေ့စဉ်လို ရှိနေပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြစ်ဒဏ်ထိခံထားရတဲ့အမှုတွေမှာ ဘန်ကောက် ရာ့ချ်ဒါးနယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ် ဝယ်ယူမှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှုနဲ့ ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄,၀၀၀ ချေးငှားမှုက ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု က ထောင်ဒဏ် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။
အဲဒီထဲက ရာ့ချ်ဒါးမြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေတာမှာ ဝရမ်းပြေး ဘဝနဲ့ နိုင်ငံခြားမှာ ၁၇ နှစ်နေခဲ့ပါတယ်။
ဒီဩဂုတ် ၂၂ ရက်နေ့မှာ အမိမြေကိုပြန်လာပြီး အဖမ်းခံခဲ့တာကြောင့် တရားရုံးက ထောင်ဒဏ် ၈ နှစ်ထိ ပြန်လျော့ပေးလိုက်ပါတယ်။ ဒါပေမဲ့ ထောင်ကျပြီး နေ့မကူးခင်မှာဘဲ နေမကောင်းလို့ဆိုကာ ပြင်ပရဲဆေးရုံ စပါယ်ရှယ်ခန်းမှာ လာရောက်ကုသနေတာကြောင့် ဆန္ဒပြမှုတွေနဲ့ လည်း ရင်ဆိုင်နေရတာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ သြဂုတ် ၂၂ ရက်မှာ ကိုယ်ပိုင်လေယာဉ်နဲ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာတာဖြစ်ပြီး သူပြန်ရောက်လာတဲ့ နေ့မှာပဲ သူကျောထောက်နောက်ခံပေးထားတဲ့ ဖွေ့ထိုင်းပါတီရဲ့ ကိုယ်စားလှယ် ခွန်ဆေထာ ထဝီးဆင်ဟာ စစ်တပ်ကိုလိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့အတူ ၀န်ကြီးချုပ်အသစ် ဖြစ်လာခဲ့ပါတယ်။
အသက် ၇၄ နှစ်ရှိ သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဘုရင့်ထံက လွတ်ငြိမ်းချမ်းသာခွင့် မရရင် နောက်တခါ တောင်းဆိုလွှာတင်သွင်းဖို့ ၂ နှစ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters










