
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ မေ ၆ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း Type 88 အမျိုးအစား သင်္ဘောဖျက်ဒုံးကျည် တစင်းကိုပစ်ခတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဘက်ကို မျက်နှာမူ ထားတဲ့ ရေပြင်ထဲက ဖိလစ်ပိုင်ရေတပ်ရဲ့ တာဝန်ရပ်နားထားတဲ့ သင်္ဘောဟောင်းတစင်းကို ထိမှန် ခဲ့ပါတယ်။
Type 88 ဒုံးကျည် ၂ ကြိမ်ပစ်ခတ်ခဲ့ရာမှာ ပစ်ခတ်ပြီး ၆ မိနစ်အတွင်းမှာပဲ BRP ကွီဇွန်သင်္ဘောကို ထိမှန်ခဲ့တယ်လို့ ဖိလစ်ပိုင် စစ်တပ်က ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ တောင်တရုတ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်၊ ဖိလစ်ပိုင်မြောက်ပိုင်း ပါအိုဝေး ကမ်းခြေ ကနေ ၇၅ ကီလိုမီတာ (၄၆ ဒသမ ၆ မိုင်) အကွာမှာ ဖြစ်ပွားခဲ့တာပါ။
ဒုံးကျည်ပစ်ခတ်မှုကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုနဲ့ ဂျပန်ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိတို့က မြေပြင်ကနေ ကိုယ်တိုင်ကြည့်ရှုခဲ့ကြသလို၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကတော့ မနီလာက စစ်ဌာနချုပ်ကနေတဆင့် ဗီဒီယိုကနေ တိုက်ရိုက် ကြည့်ရှုခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ကြား ကာကွယ်ရေးပစ္စည်းတွေ လွှဲပြောင်းပေးနိုင်ရေး ဆွေးနွေးမှုတွေ စတင်နေချိန်မှာပဲ ဖြစ်ပေါ်လာတာပါ။
ဂျပန်ဘက်က စစ်လက်နက်ပစ္စည်းတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားပေးလိုက် ပြီးနောက်မှာ အခုလို ဆွေးနွေးမှုတွေ ဖြစ်လာတာပါ။
အခု ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုဟာ မနီလာနဲ့ ဝါရှင်တန်တို့ နှစ်စဉ်ပြုလုပ်နေကျ "ဘာလီကတန်"အမည်ရှိ "ပုခုံးချင်းယှဉ်" စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
ဒီနှစ် ဘာလီကတန်မှာ ဂျပန်ဟာ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်တို့နဲ့အတူ ပထမဆုံး အကြိမ်အဖြစ် တက်ကြွစွာ ပါဝင်လာတာဖြစ်ပြီး ဒါဟာ ဖိလစ်ပိုင်ရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ လုံခြုံရေး မဟာမိတ်ကွန်ရက်ကို မီးမောင်းထိုးပြနေပါတယ်။
အရှေ့အလယ်ပိုင်းမှာ အမေရိကန်က အာရုံစိုက်နေရပေမဲ့ ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာ စစ်သည် အင်အား ၁၇,၀၀၀ ကျော် ပါဝင်နေပြီး၊ အဲဒီထဲမှာ မဟာမိတ်ဂျပန်က ၁,၄၀၀ လောက်နဲ့ အမေရိကန် က ၁၀,၀၀၀ လောက် ပါဝင်ပါတယ်။
ပေကျင်းကတော့ ဖိလစ်ပိုင်နဲ့ မဟာမိတ်တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တင်းမာမှုကို မြှင့်တင်ပေးနေတယ်ဆိုပြီး ပုံမှန် ဝေဖန်လေ့ရှိပါတယ်။
Source:Reuters










