
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့မှာ လင်မယား ၂ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တဖွဲ့က မေ ၁၃ ရက် ညနေပိုင်းမှာ သေနတ်နဲ့ လာရောက်ပစ်သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
သေဆုံးသူတွေကတော့ ရွာငံမြို့ ဈေးတန်းရပ်ကွက်၊ မြနန္ဒာလမ်းမှာ နေထိုင်တဲ့ ဦးဆန်းလွင်ထူးနဲ့ ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ (ခ) မစန်းထူးတို့ ဖြစ်ပြီး လူ ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် လင်မယား ၂ ယောက်စလုံး ကျည်ထိမှန်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံး သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခင်းဖြစ်တဲ့နေရာအနီး မြနန္ဒာကန်လမ်းဆုံမှာ တပ်ထားတဲ့ CCTV ကင်မရာ ၃ လုံးကို လည်း သေနတ်သမားတွေက ပစ်ခတ် ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “သူတို့နှစ်ယောက်က နိုင်ငံရေးနဲ့ မပတ်သက်ကြပါဘူး။ အရင်ကတော့ နွားရောင်း ဝယ်တဲ့ပွဲစား လုပ်ဖူးတယ်။ အဲဒီအချိန်က ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေး တချို့ ကြောင့် ခုလိုပစ်သတ်ခံရတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ဒီဖြစ်စဉ်ကို ကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘဲ သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရွာငံမြို့နယ်ထဲမှာ စစ်တပ်သတင်းပေး ဒလန်ဆိုပြီး စွပ်စွဲခံရသူတွေကို ရှင်းလင်းတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒလန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာမျိုးတွေ ရှိလာနိုင်တယ်ဆိုပြီး ဒေသခံအများစုက လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။










