
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ လိုင်ဇာဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၃၀ ရက်နေ့ မနက်မှာ မိုးမောက်မြို့နယ် ကထန်ယန်ကျေးရွာမှာ လူငယ်တယောက်ကို သတ်ဖြတ်ပြီး ပြည်သူ ၁၀ ယောက်လောက်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ လူငယ်ဟာ သူငယ်ချင်းဖြစ်သူနဲ့အတူ ဒေါ့ဖုန်းယန်ဘက်ကနေ ဆိုင်ကယ်နဲ့ ဆင်းလာတဲ့အချိန် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူကိုတော့ ထိုးကြိတ်ပြီး စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
မိုးမောက်မြို့ခံတယောက်က “နွမ်လန်ကနေ မနက်က ထွက်သွားတဲ့ စစ်ကြောင်းတွေ ကထန်ယန်ဘက်ကိုရောက်တော့ အထက်ဘက်ကနေ လူငယ်နှစ်ယောက် ဆိုင်ကယ်စီးပြီး ဆင်းလာတာ ဆိုင်ကယ်စီးပြီး ဆင်းလာတဲ့အချိန် သူတို့နှစ်ယောက်ကိုဖမ်းပြီး စစ်ဆေးတာပေါ့။ တယောက်က ဗမာစကားမတတ်တော့ သတ်လိုက်တယ်။ အဲတယောက်က ရှမ်းကလေး၊ တယောက်ကတော့ ကချင်၊ သူတော့ ဗမာစကားနည်းနည်းတတ်တယ်၊ သူ့ကိုလည်း အရမ်းနှိပ်စက်လိုက်တယ်၊ ပြီးတော့ ကြိုးချည်ပြီး ကားပေါ် တင်ပြီးခေါ်သွားတာတဲ့။ နောက် အဲဒီ ကထန်ယန်က ပြည်သူ ၁၀ ယောက်လောက်ကိုလည်း ဖမ်းပြီး အတူ ခေါ်သွားတယ်၊ အဆက်အသွယ်လည်း ပြတ်နေတယ်” လို့ ပြောပါတယ်။
အသတ်ခံရတဲ့ လူငယ်အလောင်းကိုတော့ လမ်းဘေးမှာ ပစ်ထားခဲ့ပြီး ဓားဒဏ်ရာတွေကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။ လူငယ်တဦး ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကထန်ယန်ကျေးရွာဟာ နွမ်လန်ကျေးရွာနဲ့ ၃ မိုင်အကွာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။
စစ်ကောင်စီယာဉ်တန်းဟာ ဩဂုတ် ၂၉ ရက်က နွမ်လန်ကျေးရွာကို ဗန်းမော်မြို့ဘက်ကနေ ရောက်ရှိလာပြီး ဩဂုတ် ၃၀ ရက် မနက်အစောပိုင်း နွမ်လန်ကျေးရွာကနေ ပြန်လည်ထွက်ခွာလာရာကနေ ကချင်လွတ်မြောက်ရေးတပ်မတော်က ဟန့်တားတိုက်ခိုက်ခိုက်ရာကနေ ဒေါ့ဖုန်းယန်နဲ့ နွမ်လန်ကျေးရွာကြားမှာ တိုက်ပွဲတွေ တနေကုန်ဖြစ်ပွားခဲ့တယ်လို့ မိုးမောက်ဒေသခံက ပြောပါတယ်။
“မနေ့ညက နွမ်လန်မှာအိမ်ပြီးတော့ ဒီနေ့မနက် အစောကြီး ဒေါ့ဖုန်းဘက်ကို ပြန်တက်သွားကြတာ။ မနက် ၇ နာရီလောက်ကတည်းက တိုက်ပွဲစတယ် တနေကုန်ပဲ၊ ည ၇ လောက်အထိ အသံတွေကြားနေရတာ။ ကေအိုင်အေကလည်း စောင့်ကြိုတိုက်ခိုက်နေတော့ အခု ဒီစကစ အဖွဲ့တွေကတော့ ဒေါ့ဖုန်းယန် မရောက်ခင်ကုန်းအတက်နားက ရင်ခွဲတောင်မှာ ရောက်နေပြီလို့ကြားတယ်” လို့ ပြောပါတယ်။
ဗန်းမော်မြို့ကနေ လိုင်ဇာဒေသကို ဉီးတည်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ လက်နက်ခဲယမ်း တင်ဆောင်ထားတဲ့ကား ၁၈ စီး၊ လူအင်အားတင်ဆောင်ထားတဲ့ကား ၇ စီး စုစုပေါင်း ၂၅ စီးနဲ့ ယာဉ်တန်းရှေ့မှာ ခြေလျင်နဲ့လုံခြုံရေးယူတဲ့ စစ်ကြောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ကနေ လိုင်ဇာဒေသကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဗန်းမော်နဲ့ မြို့သစ်ကြားမှာ KIA က ဟန့်တားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။