DVB Logo
Home
မြန်မာသတင်း
ကုန်ကျစရိတ်များပြီး ဈေးကောင်းမရသဖြင့် ပြောင်းစိုက်တောင်သူများ အဆင်မပြေ
DVB
·
August 29, 2023
ကုန်ကျစရိတ်များပြီး ဈေးကောင်းမရသဖြင့် ပြောင်းစိုက်တောင်သူများ အဆင်မပြေ
Donate to DVB

ပြောင်းစိုက်ပျိုးမှုအရင်းအနှီး ပိုများနေပေမယ့် ဈေးကောင်းမရတာကြောင့် တောင်သူတွေ အဆင်မပြေကြဘူးလို့ ပြောင်းစိုက်တောင်းသူတွေက ပြောပါတယ်။

မြေသြဇာ၊ ပိုးသတ်ဈေး၊ ဖျန်းဆေး၊ အပင်အားဆေး၊ မျိုး စတဲ့ သွင်းအားစုစရိတ်တွေ မနှစ်ကထက် နှစ်ဆကျော်မြင့်တက်နေပေမယ့် ပြောင်းဖူးအစိုဈေးဟာ ပြီးခဲ့တဲ့နှစ်ကအတိုင်း ကျပ် ၇၀၀ မှ ၇၅၀ အတွင်းသာ ရရှိတယ်လို့ ပြောင်းစိုက်တောင်သူတဦးကပြောပါတယ်။

"ပြောင်းစိုက်တဲ့ စရိတ်တွေ အရင်နှစ်ကထက် အများကြီးတက်တယ်။ ပြောင်းစိုက်ဖို့ ရေသွင်းရတယ့် ဒီဇယ်က ၁ ဂါလန် ၁၀,၅၀၀ ဖြစ်လာသလို အလုပ်သမားဈေးတွေကလည်း အရင်ကထက် ၂ ဆလောက်ပေးရတယ်။ သွင်းအားစုစရိတ်တွေ ၂ ဆကျော် တက်လာပေမယ့် ပြောင်းဈေးက လိုက်မတက်လာဘူး။  ဈေးထက်မတက်ဘဲနဲ့ ဒီဈေးနဲ့ရောင်းမယ်ဆို အရှုံးပေါ်တယ်၊ အခုတော့ အခြောက်ခံထားပြီး ဈေးစောင့်ကြည့်နေပါတယ်။" 

ပြောင်းမျိုးစေ့ဈေးက ပြီးခဲ့တဲ့နှစ်က တထုပ်ကို ကျပ် ၅၀,၀၀၀ သာရှိခဲ့ရာမှ အခုနှစ်မှာ ကျပ် ၁၀၀,၀၀၀၊ ပုလဲမြေသြဇာဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်က တအိတ်ကို ကျပ် ၃၈,၀၀၀ သာရှိခဲ့ရာမှ အခုနှစ်မှာ ကျပ် ၈၇,၀၀၀ အထိမြင့်တက်လာခဲ့ပါတယ်။

စိုက်ပျိုးရေးသွင်းအားစုစရိတ် မြင့်တက်မှုဒဏ်ကို အခြားသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေလိုမျိုး ပြောင်းစိုက်တောင်သူတွေလည်း တောင့်ခံထားဆဲဖြစ်ပေမဲ့ အခုထက်အခြေအနေဆိုးလာပါက စိုက်ပျိုးခြံတွေ ရောင်းစားရုံပဲရှိတော့တယ်လို့ ရှမ်းတောင်ရှိပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

"လက်ရှိပြောင်းစိုက်တောင်သူတွေ အခြေအနေကတော့ အရင်းအနှီးများပြီး စျေးမရှိတဲ့ အ​ခြေအနေပါ။ တခြားသီးနှံတွေ လက်ရှိကုန်စျေးနှုန်းနဲ့အတူ လိုက်တက်နေတဲ့အချိန်မှာ ပြောင်းစျေးမတက်တာ အံ့သြစရာတခုပဲ။ မြေသြဇာ၊ ဆေးပစ္စည်းနဲ့ ဒီဇယ်စျေးတွေ မထိန်းနိုင်သရွေ့တော့ စားသုံးသူတွေလည်း မြန်မာမြေပေါ်က ထွက်တဲ့ လယ်ယာခြံထွက်သီးနှံတွေကို စျေးကြီးပေးဝယ်စားနေရမှာပဲ။ တောင်သူတွေအနေနဲ့လည်း ခြံနဲ့လယ်ရောင်းစားဖို့ပဲ ကျန်တော့တာ။" 

ပြောင်းစိုက်ပျိုးမှု ၅၅ ရာခိုင်နှုန်းခန့်ရှိတဲ့ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ဧရာဝတီတိုင်းတို့မှာလည်း စိုက်ပျိုးပါတယ်။

ပြောင်းစိုက်ပျိုးမှုမှ ထွက်ရှိသမျှ ပြောင်း ၄၀ ရာခိုင်နှုန်းကို မွေးမြူရေးလုပ်ငန်းတွေအတွက် တိရစ္ဆာန်အစာထုပ်လုပ်တာ၊ မုန့်ဖုတ်တာ၊ စားသောက်ကုန်နဲ့အရက်ချက် လုပ်ငန်းတွေလို ပြည်တွင်းစားသုံးမှုအဖြစ်အသုံးပြုပြီး ကျန် ၆၀ ရာခိုင်းနှုန်းခန့်ကို ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အပါအဝင် ပြည်ပနိုင်ငံတွေကို တင်ပို့ပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းစိုက်ဧက စုစုပေါင်း ၁ ဒသမ ၂ သန်းခန့်အထိ စိုက်ပျိုးပြီး တန်ချိန် ၂ ဒသမ ၆ သန်းကျော်ထွက်ရှိကာ ဆန်ပြီးလျှင် ပြည်ပနိုင်ငံတွေကို ဒုတိယအများဆုံး ဝင်ငွေရရှိတဲ့ ကုန်စည်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013