DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံရှိ သက်တမ်းကုန် မြန်မာ MOU လုပ်သားများကို  MoU/ U-Turn စနစ် လုပ်ပေးမည်
DVB
·
August 28, 2023
ထိုင်းနိုင်ငံရှိ သက်တမ်းကုန် မြန်မာ MOU လုပ်သားများကို  MoU/ U-Turn စနစ် လုပ်ပေးမည်
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလမတိုင်မီ ရောက်ရှိနေတဲ့ MoU လုပ်သားတွေအနေနဲ့ နေထိုင်ခွင့် သက်တမ်းကုန်နေပေမဲ့ ရန်ကုန်အထိ ပြန်သွားဖို့မလိုဘဲ MoU/ U-Turn စနစ်နဲ့ လုပ်ငန်းခွင်အမြန်ပြန်ဝင်နိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘန်ကောက်သံရုံးက ဩဂုတ် ၂၇ ရက်မှာ ကြေညာပါတယ်။ 

နိုင်ငံကူးလက်မှတ် ၂ နှစ်နဲ့အထက်ကျန်ရှိနေသူတွေကို မြဝတီနဲ့ ကော့သောင်းမှာ One Stop Service စနစ်နဲ့ အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်ပြီး လုပ်သားတွေအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင် တာဝန်ရှိသူတွေကို ကြိုတင်အသိပေးထားကြဖို့လည်း သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကိုမုန်တိုင်းက “အလုပ်သမားကိုယ်တိုင် သွားလုပ်ရမယ်ဆိုရင်တော့ အဆင်မပြေဘူး၊ MoU သက်တမ်းတိုးသွားလုပ်ပြီးလို့ ပြန်ဝင်လာရင် ခက်ခဲသွားမယ်၊ သူဌေးက အလုပ်သမားတွေကို ပြန်ခန့်ပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့နော်။ စစ်ကောင်စီဘက်က အလုပ်သမားတွေရဲ့စာရင်းကောက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အခုက နိုင်ငံရေးဖြစ်နေချိန် ထောက်ပို့တွေကလည်း ထိုင်းနိုင်ငံက အများဆုံးလုပ်ကြတယ်။ သူဌေးက အလုပ်သမားတွေကို ဘတ်ရိုက်ပေးရင် ပိုအဆင်ပြေမယ်။ နယ်စပ်မှာသွားပြီး အချိန်ကုန်စရာလည်း မလိုတော့ဘူး၊ စစ်ကောင်စီနဲ့လည်း ပတ်သက်စရာမလိုတော့ဘူး။ စစ်ကောင်စီက အလုပ်သမားတွေကို ပြန်ခေါ်တာက ဘာရည်ရွယ်ချက်ဖြစ်မလဲဆိုတာ နားလည်ရခက်တာမျိုးတော့ရှိတယ်” လို့ ပြောပါတယ်။ 

MoU / U- Turn စနစ်ဟာ အလုပ်ရှင်၊ အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြားထုတ် ပေးတာနဲ့ ပြည်ပထွက်ခွာတဲ့ တံဆိပ်ထုပေးတာတို့ လုပ်ဆောင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံရောက် MoU မြန်မာအလုပ်သမားတဦးက “အများစုကတော့ ပန်းရောင်ကတ် (ဘတ်) စာရင်းတွေပဲ ပြောင်းတင်လိုက်ကြတယ်။ ကုမ္ပဏီဘက်က ဘတ်စာရင်းတင်ပေးရင် စျေးမများဘူး။  ပြည်တွင်းထဲ ပြန်ဝင်ပြီး လုပ်ရမှာဆိုတော့ လုံခြုံရေးကလည်း စိတ်မချရဘူးလေ။ သူတို့က လုပ်ပေးတယ်ဆိုပေမဲ့ တခြားဘာအစီအစဉ်တွေ လုပ်ထားတာရှိမလဲ ဆိုတာ ယုံကြည်လို့ရတာမဟုတ်ဘူး။ ပြည်ပရောက်တဲ့လူတွေဆိုရင် စစ်ကောင်စီဘက်က ပိုတင်းကျပ်တာမျိုးရှိတော့ အလုပ်သမားတွေက ပန်းရောင်ကတ် (ဘတ်) ရိုက်ဖို့ပဲ စာရင်းတင် လိုက်ကြတယ်” လို့ ပြောပါတယ်။ 

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ MoU သက်တမ်း ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့အခါ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ကတ်အတွက် ဘတ် ၂၅၀ ပေးစရာမလိုတော့ဘူးလို့ ဘန်ကောက် မြန်မာသံရုံးက သြဂုတ် ၁၇ ရက်မှာ ကြေညာထားပါတယ်။

သက်တမ်း ၄ နှစ်ပြည့်လုပ်သားတွေအနေနဲ့လည်း မြန်မာနိုင်ငံကို ပြန်ပြီး MoU စာချုပ်အသစ် ထပ်မံချုပ်ဆိုပြီး အလုပ်သမားရုံးတွေမှာ OWIC ကတ် လျှောက်ထားပြီးမှသာ ထိုင်းနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်နိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမား ၄ သန်းကနေ ၅ သန်းဝန်းကျင်ရှိနေပြီလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013