DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင်ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းပဲစင်းငုံစျေးအမြင့်ဆုံးရောက်
DVB
·
August 27, 2023
အိန္ဒိယတွင်ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းပဲစင်းငုံစျေးအမြင့်ဆုံးရောက်
Donate to DVB

အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံလိုအပ်ချက်မြင့်များပြီး မြန်မာပြည်က ပဲစင်းငုံ အဝယ်လိုက်တာကြောင့် ပြည်တွင်းပဲစင်းငုံစျေး အမြင့်ဆုံးကိုရောက်နေပြီလို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ပဲစင်းငုံစျေးဟာ သြဂုတ်လအစက ၃ တင်းဝင်တအိတ်ကို ကျပ် ၂၉၄,၀၀၀ ရှိပြီး သြဂုတ် ၂၆ ရက်စျေးနှုန်းအရ ၃ တင်းဝင်တအိတ်ကို ကျပ် ၃၅၀,၀၀၀ အထိမြင့်တက်လာပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲရောင်းဝယ်သူတယောက်က "အိန္ဒိယက ပဲစင်းငုံနဲ့ မတ်ပဲကို အရမ်းဝယ်လိုက်နေတဲ့အတွက် စျေးက အမြင့်ဆုံးကို ရောက်သွားတာ။ ​အခုဆို ပဲစင်းငုံက ပြည်တွင်းမရောင်းဘဲ ပြည်ပကိုပဲ အဓိက ရောင်းကြတော့တာ။ တချို့ ကုန်သည်တွေဆို ဒီဇင်ဘာမှ ထွက်မယ့် ပဲစင်းငုံအသစ်အတွက်တောင် တောင်သူတွေကို ငွေကြိုချေထား ပြီးပြီ။ ပဲစင်းငုံက အခုနှစ်မှာ အလားအလာ တော်တော်ကောင်းပေမယ့်လည်း စိုက်တဲ့သူ နည်းတော့ အထွက်နှုန်းလည်း အရင်နှစ်တွေကနဲ့ စာရင်နည်းမှာပါ" လို့​ ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အယ်နီညိုရာသီဥတုကြောင့် ပူပြင်းခြောက်သွေ့ပြီး ကောက်ပဲသီးနှံ အထွက်နှုန်း ကျတဲ့အတွက် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံနဲ့ ကြက်သွန်နီတို့ကို မြန်မာနိုင်ငံကနေ တင်သွင်းနေရပါတယ်။

အိန္ဒိယပဲလိုအပ်ချက်မြင့်မားလာတာကြောင့် ပြည်တွင်းပဲစင်းငုံစျေးနှုန်းဟာ အခုထက် ပိုမိုမြင့်လာဖို့ရှိတယ်လို့ ပဲစျေးကွက်လေ့လာစောင့်ကြည့်သူတယောက်က ပြောပါတယ်။

"အိန္ဒိယမှာက ဒီနှစ် ပဲစင်းငုံတို့၊ မတ်ပဲတို့ လိုအပ်ချက်အရမ်းများတယ်။ ပဲစင်းငုံထွက်တဲ့ မြန်မာအပါအဝင် တခြားနိုင်ငံတွေ ရောင်းသလောက် သွင်းရင်တော့ သူတို့ဆီမှာ လောက်ဖို့မလွယ်။ အဲဒီတော့ မြန်မာအပါအဝင် တခြားတောင်အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစားသုံးမှုထဲကပါ စျေးကောင်းပေးပြီးလိုက်ဝယ်နေတာ။ အဲ့တော့ ပဲစျေးတွေက ကမောက်ကမတွေဖြစ်ပြီး စျေးအမြင့်ဆုံးတွေရောက်သွားရော။ အိန္ဒိယကမြန်မာမှာရှိတဲ့ ပဲစင်းငုံတို့၊ မတ်ပဲတို့ကို စျေးကောင်းပေးပြီး ရှိသမျှဝယ်နေတာဆိုတော့ စျေးက ဒီထက် ထပ်တက်ဖို့ရှိပါတယ်" လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံစားသုံးမှုဟာ တနှစ်ကို တန် ၄ သန်းခွဲရှိပေမယ့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုက တန် ၃ သန်းပဲရှိတာကြောင့် မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ အများအပြားတင်သွင်းနေရပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂ဝ၂၄ မတ် ၃၁ ရက်နေ့အထိ ခွင့်ပြုထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းခွင့်ကိုလည်း အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။

မြန်မာနိုင်ငံက ပထမ  ၆ လအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုကတဆင့် အိန္ဒိယနိုင်ငံကို ပဲစင်းငုံတန်ချိန် ၁၇,၀၀၀ ကျော်တင်ပို့ပြီး ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတခုအဖြစ် ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013