
ကရင်နီတော်လှန်ရေး အင်အားစုတွေအတွက် စည်းရိုးပရောဂျက်ကနေ ရရှိလာတဲ့ လက်နက်တွေကို ဒီကနေ့မှာ KNDF ဗျူဟာ (၄) အောက်က တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နဲ့ တပ်ရင်း (၇) တို့ကို ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားမှာတော့ ဗျူဟာ(၄) ရဲဘော်တွေက စစ်ရေးပြသခဲ့ကြပြီးတော့ KNDF ဌာနအသီးသီးက တာဝန်ရှိသူတွေ၊ ဗျူဟာ(၄) တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေ၊ ရဲဘော်တွေနဲ့ မြေပြင်က Fundraiser တွေ တက် ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စည်းရိုးပရောဂျက်ကိုတော့ ပြီးခဲ့တဲ့ မတ် ၂၀ ရက်က စတင်နေ ဧပြီ ၁၆ ရက်အထိ ၂၈ ရက်တာ ပြုလုပ်ခဲ့တာ ဖြစ်ကာ ဒီပရောဂျက်ကနေ အမေရိကန်ဒေါ်လာ ၃ သိန်းခွဲ ကျော်ရရှိခဲ့ပြီး လျာထားချက် ငွေကျပ်သိန်း ၁ သောင်း ပြည့်မီရရှိခဲ့တယ်လို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက် ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ လတာ အတွင်းမှာတော့ ကရင်နီပြည်နယ်မှာ တိုက်ပွဲအကြိမ်ရေ ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ယောက် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်တွေဆီက လက်နက်ငယ် ၈ လက်၊ ခဲယမ်းအမြောက်အများသိမ်းဆည်းရမိခဲ့တဲ့အပြင် သုံ့ပမ်း ၃ ယောက်ကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ပါတယ်။
ဒါ့အပြင် ၁ လတာအတွင်း စစ်ကောင်စီတပ်တွေဘက်က လေကြာင်းတိုက်ခိုက်မှု ၄၂ ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးတယောက်အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ၁၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အကြောင်းမဲ့ သတ် ဖြတ်မှုကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
၁ လတာ တိုက်ပွဲတွေအတွင်းမှာတော့ KNDF ဘက်က ရဲဘော် ၂ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့တဲ့ အဆိုပါ ရဲဘော်တွေအပါအဝင် မဟာမိတ် တပ်ဖွဲ့တွေက ရဲဘော်တွေကို လည်း အာဇာနည်သူရဲကောင်းတွေအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာြဖည့်တင်းတာတွေအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားတွေကို သယ်ယူတာတွေအတွက် စစ်သုံး ရဟတ်ယာဉ် တွေကို အဓိကထား အသုံးပြုခဲ့ပြီး တလတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရဟတ်ယာဉ်နဲ့ ဖြတ်ကျော်ပျံသန်းတာ တိုက်ခိုက်တာတွေကိုလည်း ကျူးလွန်နေကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ KNDF ထိန်းချုပ်ခဲ့တဲ့ နန်းမယ်ခုံမြို့ကို လက်လွှတ်ခဲ့ရပြီး တော့ လတ်တလောမှာတော့ ကရင်နီပြည်တပ်ပေါင်းစုအနေနဲ့ စခန်းကြီး ၃ ကို သိမ်းယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီပြည်အတွင်း စစ်ဆင်ရေးနဲ့ စပ်လျဥ်းပြီးတော့ Chain of Command ကိစ္စ ရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ERO၊ PDF တွေနဲ့လည်း ဆွေးနွေးသဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ KNDF က ပြောထားပါတယ်။










