DVB Logo
Home
မြန်မာသတင်း
ထိုင်းမှ မြန်မာသို့ ငွေလွှဲဝန်ဆောင်မှု ကမ္ဘောဇဘဏ်နှင့် ထိုင်း KBank ပူးပေါင်းလုပ်ဆောင်မည်
DVB
·
August 24, 2023
ထိုင်းမှ မြန်မာသို့ ငွေလွှဲဝန်ဆောင်မှု ကမ္ဘောဇဘဏ်နှင့် ထိုင်း KBank ပူးပေါင်းလုပ်ဆောင်မည်
Donate to DVB

ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ပြည်တွင်းကို ငွေလွှဲပို့နိုင်မယ့် ဝန်ဆောင်မှုတခုကို KBZ ဘဏ်က သြဂုတ် ၂၂ ရက်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်စနစ်ကနေ လွှဲခိုင်းစေဖို့ စီစဉ်နေချိန် KBZ ဘဏ်က အဲဒီဝန်ဆောင်မှုကို ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းတွေထဲက ထိပ်တန်းဘဏ်လုပ်ငန်းတခုဖြစ်တဲ့ KBank နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာလာတာပါ။

KBZ ဘဏ်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နယ်စပ် ဒစ်ဂျစ်တယ် ငွေလွှဲခြင်း ဆောင်ရွက်ရာမှာ လူကိုယ်တိုင် ဘဏ်ကို သွားရောက်စရာမလိုဘဲ အချိန်နဲ့ တပြေးညီ တိုက်ရိုက်ငွေလွှဲနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

KBZ ရဲ့ အဲဒီဝန်ဆောင်မှုကို အသုံးပြုဖို့ ငွေလွှဲလက်ခံတဲ့ KBZPay အကောင့်က level 2 အဆင့် ရှိဖို့ လိုအပ်တယ်လို့ ဘဏ်ရဲ့ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အဆိုပါ လွှဲပို့ငွေတွေကိုတော့ ငွေသားထုတ်ယူမယ်ဆိုရင် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲတွေ၊ KBZPay စင်တာ၊ ATM စက်တွေနဲ့ KBZPay အေးဂျင့်တွေထံမှာ သတ်မှတ်ထားတဲ့ ငွေသားထုတ်ယူမှု ပမာဏအတိုင်း ထုတ်ယူနိုင်မယ်လို့လည်း ပါရှိပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတဦးက “ကျနော်တို့က ထိုင်းဘက်က ငွေလွှဲဝန်ဆောင်မှုပေးတဲ့ အေးဂျင့်တွေကနေ ဘတ်ပေး ကျပ်ယူစနစ်နဲ့ ငွေလဲပြီး Wave နဲ့ လွှဲကြတာများတယ်။ သူကမြန်တယ်လေ၊ ခုလွှဲ ခုထုတ်ရတယ်။ တကယ်လို့ သူတို့စနစ်က ပိုလွယ်ကူပြီး လွှဲခတွေ ကုန်ကျစရိတ်တွေ သက်သာမယ်။ ဘတ်ကို အပြင်ပေါက်စျေးအတိုင်း လဲပေးမယ် ဆိုရင်တောင် ဘဏ်စနစ်က အားနည်းနေသေးတော့ နယ်က ငွေထုတ်ရတဲ့သူတွေအတွက်က နည်းနည်း ခက်ခဲတဲ့အပိုင်း ရှိနိုင်တယ်” လို့ မှတ်ချက်ပြုပါတယ်။

နိုင်ငံခြားသုံးငွေ လိုအပ်ချက်များနေတဲ့ စစ်ကောင်စီကတော့ ပြည်ပသွင်းကုန်တွေအပေါ် ရနိုင်သမျှ ကန့်သတ်ပိတ်ပင်ထားပြီး လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေတွေကို ပြင်ပပေါက်စျေးထက် နည်းတဲ့နှုန်းနဲ့ မဖြစ်မနေ သိမ်းယူနေတာပါ။ ဒါ့အပြင် ဒေါ်လာကိုင်ဆောင်မှုတွေအပေါ် တင်းကျပ်ကန့်သတ်ထားပြီး တခြားတဖက်မှာလည်း ပြည်ပရောက် အလုပ်သမားတွေထံက နိုင်ငံခြားငွေရရှိရေးကို စစ်ကောင်စီက ကြိုးပမ်း အားထုတ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာငွေကျပ်တသိန်းကို ထိုင်းဘတ်ငွေ ၁,၀၀၀ အောက် ရောက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းနေပါတယ်။

ကျပ်နှစ်သောင်းတန်ထုတ်ဝေတဲ့ အကျိုးဆက်နဲ့ နိုင်ငံတကာရဲ့ မြန်မာ့စီးပွားရေးအပေါ် အရေးယူ ပိတ်ဆို့မှုတွေက ဘတ်စျေးပိုတက်လာရတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

အဲဒီလို ‌မြန်မာကျပ်ငွေတန်ဖိုး ထိုးကျပြီး ဘတ်စျေးမာနေချိန်မှာ ထိုင်းဘတ်ငွေကို နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေ ဆောင်ရွက်နိုင်တဲ့ ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြု‌ကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ခဲ့ပါတယ်။

Photo : KBZ Pay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013