DVB Logo
Home
မြန်မာသတင်း
မြန်မာလူထုအတွက် လူသားချင်းစာနာကူညီနိုင်ရေး အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုလအေဂျင်စီကို တိုက်တွန်း
DVB
·
August 24, 2023
မြန်မာလူထုအတွက် လူသားချင်းစာနာကူညီနိုင်ရေး အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကုလအေဂျင်စီကို တိုက်တွန်း
Donate to DVB

မြန်မာပြည်သူလူထုထံ လူသားချင်းစာနာမှုအကူအညီတွေ ထိရောက်စွာပေးနိုင်ရေးအတွက် စစ်ကောင်စီနဲ့ပဲဆက်ဆံမနေဘဲ  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြေပြင်ပေါ်ရှိ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လူမှုရေးအဖွဲ့အစည်း ၅၀၀ ကျော်က ကုလသမဂ္ဂအေဂျင်စီတွေကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနဲ့  ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လက်ထောက်အတွင်းရေးမှူးချုပ် မာတင်ဂရစ်ဖစ်ရဲ့ လတ်တလော မြန်မာနိုင်ငံကို သွားရောက်ပြီး နေပြည်တော်မှာ စစ်‌ခေါင်းဆောင်နဲ့ တွေဆုံခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများတွေက ပူးတွဲ ထုတ်ပြန်လိုက်တာပါ။

မစ္စတာမာတင်ဂရစ်ဖစ်ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့လည်း သြဂုတ် ၂၁ ရက်က  အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေတဲ့ဒေသတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ထိရောက်စွာ ပို့ဆောင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ ရှုမြင်သုံးသပ်မှုတွေကို ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချနေမှုကို ထောက်ကူပေးနေကြောင်း၊ မြန်မာပြည်သူလူထုဟာ စစ်ကောင်စီရဲ့ ဖန်တရာတေနေတဲ့ လိမ်စဉ်တွေကို ကောင်းစွာနားလည်သဘောပေါက်ကြကြောင်းနဲ့  စစ်ကောင်စီဟာ သူတို့တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်တွေကို အလွဲ သုံးစားလုပ်ဖို့ အမြဲစဥ်းစားနေတာကို သတိပြုဖို့လိုကြောင်း အန်ယူဂျီ ဝန်ကြီးတွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလအဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုအကူအညီတွေ မြန်မာပြည်အနှံ့ရှိ ပြည်သူလူထုထံသို့ ထိရောက်စွာပေးပို့နိုင်ရေးအတွက် စစ်ကောင်စီနဲ့ပဲ ဆက်ဆံတာမလုပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ မြေပြင်ပေါ်ရှိ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်အားလုံးနဲ့ ပွင့်လင်းမြင်သာစွာ ဆက်ဆံတဲ့ တန်းတူညီမျှ မှုရှိတဲ့ ဆက်ဆံရေးကို ကျင့်သုံးသွားဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရာမှာ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ တရားဝင်အဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ပါ တရားဝင်ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း အရပ်ဖက်လူမှုရေးအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်တိုက်တွန်းပါတယ်။ 

မာတင်ဂရစ်ဖစ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ အရေးပါတဲ့အပြောင်းအလဲတွေ စွမ်းဆောင်နိုင်ခဲ့တာကို မတွေ့ရသလို စစ်ကောင်စီဘက်က ဝါဒဖြန့်စရာလက်နက်အဖြစ် အသုံးပြုနေတာကိုလည်း တွေ့နေရကြောင်း၊ လူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ တရားဝင်အဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တရားဝင်ပူး ပေါင်းဆောင်ရွက်ဖို့ OCHA ကို တိုက်တွန်းလိုက်ပါတယ်။

ဂရစ်ဖစ်ရဲ့ ခရီးစဉ်အဆုံး ထုတ်ပြန်ချက်မှာ တင်ပြထားသလို “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး အကူအညီတွေကို တစ်နိုင်ငံလုံးအနှံ့ အန္တရာယ်ကင်းကင်းနဲ့ ရေရှည်ပို့ ဆောင်နိုင်ရေးအတွက်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခင်းအကျင်းမျိုး ရှိနေဖို့ အရေးတကြီး လိုအပ်တယ်လို့ ဆိုပါတယ်။

OCHA အပြင် တခြားလူမှုကယ်ဆယ်ရေးအေဂျင်စီတွေဟာလည်း သိက္ခာရှိရှိ လူ့စည်းကမ်းကို လိုက်နာတဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေခံစားကြုံတွေ့နေရတဲ့ ပြဿနာတွေအားလုံးရဲ့ အရင်းအမြစ်လည်းဖြစ်သလို ပြင်ပနိုင်ငံတွေကလာတဲ့ ထောက်ပံ့ကူညီမှုတွေကိုလည်း လက်နက်လို အသုံးချနေတဲ့ တရားမဝင် ရာဇတ်ဝတ်ကောင် စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ဖို့ တိုက်တွန်းပြောပါတယ်။

ပူးပေါင်းဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေထဲမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှုတွေအပါအဝင် မြေပြင်လိုအပ်ချက်တွေကို ထိထိရောက်ရောက်ကူညီထောက်ပံ့နေတဲ့ ဒေသခံလူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ 

အဲဒီအဖွဲ့အစည်းတွေမှာ အကူအညီလိုအပ်နေသူတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ တရားဝင်မှု၊ အလုပ်ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းတွေ ရှိတယ်၊ အရေးအကြီးဆုံး တစ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်တွေ မပိုင်ဆိုင်တဲ့ ပြည်သူ့ယုံကြည့်မှုကိုလည်း အဲဒီအဖွဲ့အစည်းတွေက ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ မာတင်ဂရစ်ဖစ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ဩဂုတ်  ၁၅ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရကြောင်း၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုနဲ့ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ လိုအပ်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့   စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013