အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောခရိုင်၊ ဆိုင်းရမ်ကျေးရွာအနီးမှာ ဆောက်လက်စ မီးရထားလမ်းတံတား ပြိုကျပြီး လူ ၂၃ ယောက်ကျော် သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂၃ ရက် အိန္ဒိယစံတော်ချိန် မနက် ၉ နာရီခွဲမှာ ဆောက်လုပ်ဆဲ ရထားလမ်းတံတား ပြိုကျခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိသူတချို့ကို ပြိုကျပြီး နာရီပိုင်းအတွင်းမှာ ရှာဖွေခဲ့ပြီး သေဆုံးသူ ၂၃ ဦးအထိ ရှိခဲ့ပြီး အဲ့ဒီထက်လည်း ပိုများလာနိုင်ပါတယ်။
အိုင်ဇောခရိုင်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားတဦးက “သေတဲ့သူကတော့ ၂၃ ယောက်ရှိပြီလို့ အာဏာပိုင်တွေက ပြောတယ်။ ၄ ယောက်ကတော့ ပျောက်နေတယ်ပေါ့။ မြန်မာနိုင်ငံသားတွေ မပါဘူးလို့တော့ ကနဦး သိထားရတယ်။ အတည်ပြုလို့တော့ မရသေးပါဘူး” လို့ ပြောပါတယ်။
မီဇိုရမ်ပြည်နယ်၊ အိုင်ဇောခရိုင်ဟာ ချင်းလူမျိုး စစ်ရှောင်တွေ အများဆုံးနေထိုင်ကြပြီး အဲဒီလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
တံတားပြိုကြတဲ့ မတော်တဆမှုမှာ သေဆုံးသူတွေကို အိန္ဒိယဝန်ကြီးချုပ်က ရူပီး ၂ သိန်းဆီ ထောက်ပံ့သွားမယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။