DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်၌ စစ်တပ်က ပြည်သူ့နေအိမ်အလုံး ၁၂၀ ကျော်ကို မီးရှို့ ဖျက်ဆီး
DVB
·
August 24, 2023
ညောင်လေးပင်ခရိုင်၌ စစ်တပ်က ပြည်သူ့နေအိမ်အလုံး ၁၂၀ ကျော်ကို မီးရှို့ ဖျက်ဆီး
1 / 2
Donate to DVB

ကေအန်ယူနယ်မြေ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်ထဲမှာ ပြီးခဲ့တဲ့သီတင်း ၃ ပတ်အတွင်း စစ်ကောင်စီတပ်တွေ ကျေးရွာတွေအတွင်းဝင်ရောက် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြည်သူလူထုနေအိမ်အလုံး ၁၂၀ ကျော်လောက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။

ကေအန်ယူ တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်ထဲမှာ  ဩဂုတ် ၉ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီ ခမရ-၅ အင်အား ၈၀ လောက်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၈)နဲ့ လက်အောက်ခံပူးပေါင်းတပ်တွေကြား အောက်ကြာအင်း ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပြီးနောက် ခမရ−၅ တပ်တွေက အောက်ကြာအင်းကျေးရွာ အတွင်းဝင်ရောက်ကာ နေအိမ် ၂၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၈ ရက်ကလည်း မူးမြို့နယ်အုပ်ချုပ်နယ်မြေထဲက အိမ်ခြေစုစုပေါင်း ၁၄၈ လုံးလောက်ရှိတဲ့ နောင်ကုန်း ကျေးရွာထဲကို စစ်တပ်က ဝင်ရောက်ပြီး နေအိမ် ၂၇ လုံး၊ စပါးကျီ ၁၆ လုံး၊ တဲ ၁၁ လုံးနဲ့ တခြားအရာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လယ်ဒိုမြို့နယ်မှာလည်း ဇူလိုင် ၁၉ ရက်က စစ်ကောင်စီ  ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၄၃၉၊ ခမရ-၃၅၀၊ ပျူစောထီးနဲ့ ရဲတပ်ဖွဲ့တွေစတဲ့ ပူးပေါင်းတပ်တွေနဲ့ KNLA လက်အောက်ခံ တပ်ရင်း(၉)နဲ့ ပူးပေါင်းတပ်တွေကြား နံဇကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် အဆိုပါတပ်တွေက နံဇကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်အလုံး ၂၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရ ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ပထမပတ်ထဲမှာလည်း နံဇကျေးရွာအနီးမှာပဲ ၁ နာရီကျော်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေက နံဇကျေးရွာထဲမှာပဲ နေရာယူပြီး ရွာထဲ ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်မံပြီး မီးရှို့ဖျက်စီးခဲ့တာကြောင့် အိမ်ခြေစုစုပေါင်း၁၂၆ လုံးထဲက ၆၈ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Data of Myanmar က ထုတ်ပြန်ချက်တခုမှာတော့ စစ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထု နေအိမ်ပေါင်း   ၅၅၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၈၈၀၀ ကျော်၊ ချင်းပြည်နယ်မှာ ၁၄၀၀ ကျော်နဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ဇွန်တလတာအတွင်း စစ်ကောင်စီတပ်တွေက နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု အကြိမ်ရေ ၉၀ ကျော်ထိ ကျူးလွန်ခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုက အရပ်သားနေအိမ် အလုံး ၂,၆၀၀ ကျော် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၇၉ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၂,၅၁၁ လုံးအထိ ရှိခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၉ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦး ၄ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013