DVB Logo
Home
Lead Story
ဝမရှိ ကြင်စိုး
DVB
·
August 24, 2023
ဝမရှိ ကြင်စိုး
Donate to DVB

(က)

သည်နေ့ ရေနွေးကြမ်းဝိုင်းမှာ အဘစောမူးသာ လက်ရာ ပဲနီပြားသုတ်နဲ့ပါ။ အဘစောမူးသာက ဟင်းချက်ကောင်းရုံတင်မဟုတ်ဘူး၊ အဲသလို အသုတ်တွေ ဘာတွေဆိုလဲ သူများတွေနဲ့မတူဘဲ တမူထူးခြားစွာ စားလို့ကောင်းပါသဗျ။ ပဲနီစေ့ကြီးတွေကို ဆားအနည်းငယ်နဲ့ နူးအိနေအောင် ပြုတ်ပြီး ကြက်သွန်နီတွေ ကြက်သွန်ဖြူတွေနဲ့ သုတ်ထားတဲ့ရက်ဆို ခံတွင်းတယ်လိုက်သကိုး။

“ဟေ့ကောင် မူးသာ . . ကြက်သွန်နီလေး နည်းနည်းထပ်လှီးထည့်ကွာ၊ မင့်ဟာက ပါတယ်ဆိုရုံလေး”

“ဟေ . . . ငါလည်း ရှိတာအကုန်လုံး လှီးပြီး ထည့်သုတ်လာတာဟ . . . မရှိတော့ဘူး၊ ဈေးသွားတဲ့ရက်မှ ဝယ်ရဦးမယ် စိမ်းမောင်ရ . . . မအေရိုးကြီး မအလ”

“ဟကောင်ရ . . . ဘာဖြစ်တာလဲဟ”

“ဘာဖြစ်ရမလဲ စိမ်းမောင်ရ . . . ဒီကောင် ကြင်စိုး သာဝ မအလ တက်လာမှ တက်လာလိုက်တဲ့ ကုန်ဈေးနှုန်းဆိုတာ . . . အခု ကြက်သွန်နီ ဘယ်ဈေးဖြစ်နေပြီလဲ မင်းသိလား စိမ်းမောင်”

“ကြက်သွန်နီဈေးနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ ဘာဆိုင်လဲ မူးသာရာ၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးဆေးဆေးနေပါကွာ”

“ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင့်စကားကို အဘစောမူးသာက ရုတ်တရက် ထရယ်ပါ၏။ ပြီးတော့မှ ရှင်းပြပါ၏။ အရင် ၂၀၂၀ က အခြေခံစားကုန်တွေရဲ့ ဈေးနှုန်းတွေကို ပြောပြပါ၏။ ဥပမာအားဖြင့် ကော်ဖီမစ်တထုပ်ကို တရာကနေ အခု နှစ်ရာ့ငါးဆယ်ဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်အထိ ထိုးတက်သွားသလဲဆိုတာကို တွက်ဆစေပါ၏။

ဂက်စ်မီးခြစ်တလုံးကို တရာ့ငါးဆယ်ကနေ အခု သုံးရာ့ငါးဆယ်အထိ ရောက်နေပြီဖြစ်ကြောင်းလည်း ပြောပြပါ၏။ အရင်က လေးသောင်းလောက်ပဲပေးရတဲ့ မြေသြဇာအိတ်ဟာ အခုဆိုရင် တသိန်းကျော်နေပြီဟုလည်း တွက်ပြပါ၏။ အရင်တုန်းက ဆိုင်ကယ်ကို ဆီတထောင်ဖိုးထည့်ရင် ရွာနဲ့ မြို့ငယ်လေးကို အသွားအပြန် လုပ်လို့ရပေမဲ့ အခုဆို နှစ်ထောင့်ငါးရာဖိုးလောက်ထည့်မှ အသွားအပြန် လုပ်လို့ရတော့ကြောင်းတွေ ပြောပြပါလေ၏ ခင်ဗျာ။

“ဒါကတော့ ကုန်သည်တွေရဲ့လက်ချက်တွေ ဖြစ်မှာပါ မူးသာရ”

“အေး . . . ဒီမယ်စိမ်းမောင်၊ ဒါတွေအားလုံးဟာ မင်းတို့အဘ မအလကြောင့်ချည်းပဲကွ။ မင်း ခုနကပြောသလို ‘ကိုယ့်အလုပ် ကိုယ်လုပ်ပါ’ ဆိုသလို ခုဟာက ဒီကောင် မအလ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သူနဲ့မတန်မရာ ‘အစိုးရ’ အလုပ်ကို အဓမ္မသိမ်းပိုက်ပြီး အုပ်ချုပ်ချင်ရာက စခဲ့တဲ့ဇာတ်လမ်းကွ”

“ . . . . . .”

အဘစိမ်းမောင် တိတ်သွား၏။ ဘေးက စစ်ပြန်ကြီး အဘလုံးတုံးက ပြုံးနေ၏။ အဘစောမူးသာက အာခြောက်သွားပုံဖြင့် ရေနွေးတခွက် မော့နေလေ၏။ ဖေကြီးကား ကြက်သွန်နီ ပါလေရုံ ပဲနီစေ့သုတ်ပန်းကန်ကိုသာ ငေးကြည့်နေဖြစ်ပါလေ၏။

“သည်မယ်စိမ်းမောင် . . . လူဆိုတာ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမကွ။ လယ်သမားက လယ်လုပ်ရမယ်၊ ဆရာဝန်က ဆေးကုရမယ်၊ ကျောင်းဆရာက စာသင်ရမယ်၊ စာရေးဆရာက စာရေးရမယ်၊ စစ်သားက ပြည်သူကို ကာကွယ်ရမယ်”

“အဲ . . . အခုဟာက မဲ . . . မဲ မသမာမှုကြောင့် အာဏာထိန်းခဲ့တာ . . .”

“လာပြန်ပြီလား ဒီ မဲမသမာမှု၊ အေး . . . မဲမသမာမှုရှိခဲ့ရင် ‘ရွေးကောက်ပွဲကော်မရှင်’ က အရေးယူလိမ့်မယ်၊ ကြင်စိုးမှာ ဘာတာဝန်မှမရှိဘူး၊ အခုဟာက ဘုရင်လုပ်ချင်လို့ ဘုရင်ကို ဖမ်းချုပ်ပြီး နန်းချခဲ့တာ တကမ္ဘာလုံးအသိလေကွာ”

“. . . . . .”

“မင်းပြောတဲ့ ‘မဲမသမာမှု’ ကြောင့်ဆိုလည်း အစိုးရခေါင်းဆောင်တွေထဲမှာ မပါတဲ့ အနုပညာ သမားတွေ စာရေးဆရာတွေကို တချိန်တည်း တပြိုင်တည်း ဖမ်းခဲ့တာကကော ဘာသဘောလဲ”

“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ . . . . . .”

အဘလုံးတုံးက အိုက်တင်နှင့် ထရယ်ပါ၏။

(ခ)

အဘစိမ်းမောင်လည်း ပဲနီစေ့သုတ်ကို စားတာ မတွေ့ရတော့ပါ။ ဖေကြီးလည်း အဘတွေ၏ စကားလမ်းကြောင်းကို ခန့်မှန်းကာ နားစွင့်နေပါ၏။ ခဏနေတော့ အဘစောမူးသာက စကားပြန်စပါ၏။ ကိုယ့်အလုပ်ကိုယ် လုပ်တဲ့သူတွေဟာ လေးစားစရာကောင်းပါသတဲ့ ခင်ဗျာ။

“ဒီမယ်စိမ်းမောင် . . . NLD အစိုးရတဖွဲ့လုံး၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ အကုန်လုံးနဲ့ လွှတ်တော်အမတ်တွေကို မတရားဖမ်းချုပ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာပဲ တပြိုင်တည်း အဖမ်းခံရတဲ့ စာရေးဆရာတွေ အများကြီးပဲ”

“. . . . . .”

“ဥပမာကွာ . . . ဆရာမောင်သာချို၊ ဆရာ မင်းထင်ကိုကိုကြီး၊ ဆရာထင်လင်းဦး . . . . အစရှိသဖြင့်ပေါ့ကွာ”

“အေးကွ . . . သူတို့တွေတော့ ပြန်လွတ်လာပြီနော် မူးသာ”

“အေးကွ လုံးတုံးရ၊ ငါ အဲဒါလေး ပြောပြချင်တယ်ကွာ၊ စာရေးဆရာဆိုတာ သူ့အလုပ်ဖြစ်တဲ့ ‘စာရေးခြင်းအလုပ်’ နဲ့ ပြည်သူလူထုကို မျက်စိဖွင့်ပေးပြီး နိုင်ငံ့အကျိုးကို ထမ်းဆောင်နေကြတဲ့ ပရဟိတသမားတွေလို့ ငါမြင်တယ်”

“ဟုတ်တယ်မူးသာ . . ငါလည်း အဲသလိုပဲ ယုံကြည်လက်ခံထားတယ်”

ထိုစာရေးဆရာများကို ဖမ်းချုပ် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးသည့်အခါ ထိုစာရေးဆရာများသည် ‘ကိုယ့်အလုပ်ကိုယ်လုပ်’ ကာ ကဗျာတွေစာတွေသာ ပြန်ရေးကြပါကြောင်း၊ ပြည်သူလူထုကို ဆက်လက်၍ အလင်းပြနေကြပါကြောင်း ပြောကြပါ၏။

“ကြင်စိုး သာဝ မအလသာ ကိုယ့်အလုပ် ကိုယ်မလုပ်တာ၊ ကျန်တဲ့သူတွေကတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာ မြင်ရတော့ အားတက်သကွာ”

“အေးကွ . . ထောင်ကလွတ်လာပြီး အခု သူတို့ရေးတဲ့ စာတွေကဗျာတွေ ငါလည်း ဖတ်ရတယ်ကွ၊ ကြိုက်တယ်ကွာ”

အဘစောမူးသာနှင့် အဘလုံးတုံးတို့၏ စကားများမှာ စာကဗျာများဘက်သို့ ရောက်ရှိလာလေရာ ဖေကြီး စိတ်ဝင်စားမိပါ၏။

အဘစောမူးသာက သူ့ဖုန်းထဲမှာ သိမ်းထားသည့် ဆရာထင်လင်းဦး (Wisdom Villa) ၏ ကဗျာများကိုရှာကာ ‘တပုဒ်ရွတ်ပြမယ်’ ဟု ဆိုပါ၏။ “ကဗျာခေါင်းစဉ်က ‘ထဆင်ထူးကို ထောင်ချင်သူများ’ ကွ” ဟုဆိုကာ ရွတ်ပြပါလေ၏။

“သူ့မြင်း သူစိုင်းနေသတဲ့

စစ်ကိုင်းလည်းမရောက်

အင်းဝလည်းမရောက်။

သူ့လှေ သူထိုးပြန်သတဲ့

ပဲခူးလည်းမရောက်

ကဝလည်းမရောက်။

နောက်မလှည့်စတမ်းဆိုပေမယ့်

သွားနေတဲ့လမ်းက

ရဟတ်ချားစီးနေကြသလို

ဒီနားပဲ ချာလည်လှည့်နေတာ။

တရကြမ်း‌ခြေလှမ်းပြနေလည်း

မိုက်ကယ်ဂျက်ဆင် မွန်းဝေါ့ခ်လျှောက်သလို

ရှေ့မှမရောက်တာ အမြင်သာကြီး။

ကိုယ့်ကိုယ်ကိုယ် ထင်

ဘဝင်တွေ ဝတိံဘုံဖျားပေမင့်

အရှိန်ကုန်သွားတဲ့အခါကျ

ကလိန်ခြုံအပါးမှာ

. . . ခြုံ နားဖို့ပဲ ရှိပေရော့”

“ကောင်းလိုက်တာကွာ”

အဘလုံးတုံးက ပြုံးရွှင်ကာ မှတ်ချက်ပြုပါ၏။ ‘ဆရာမောင်သာချို့ ကဗျာတွေကောရှိလားကွ’ ဆိုတော့ အဘစောမူးသာက လက်မထောင်ပြကာ သူ့ဖုန်းထဲမှာ ပြန်ရှာနေပါ၏။ “အများကြီးပဲကွ . . . အဲဒီအထဲက တပုဒ်ရွတ်ပြမယ်” ဆိုကာ လည်ချောင်းရှင်းပါ၏။ “ခေါင်းစဉ်က ‘အဝီစိအမြန်’ တဲ့ဟ” ဆိုကာ သေသေချာချာ ရွတ်ပြပါ၏။

“ဒေဝဒတ်သင်ရိုးက

ရိုးရိုးကလေးရယ်။

အရှင်ဘုရားက

သခင်ကျွန်ုပ်

ဘုရင်တစ်ပါးက

သင်လုပ် တဲ့။

ဒီလိုနဲ့

ရာဇဂြိုဟ်ရဲ့

ချာလပတ်ယန္တရားမှာ

အဇာတသတ် လမ်းမှားခဲ့ပါပေါ့။

သင်္ဂါယနာကို

အပြန်တစ်ရာတင်လည်း

ငရဲသို့ဆိုမှ ငရဲပဲ တဲ့။

ဝေဘာရတောင်ယံနားမှာ

ရထားထွက်ရန်ငါးမိနစ်။

အဝီစိအလံနဲ့

ဥဩဆွဲလိုက်တဲ့အသံကြီးဟာ

သံသရာအဆက်ဆက်

နားကွဲထွက်အောင်ညံလို့။

ဖျက်မရတဲ့အမှားတွေနဲ့

အဇာတသတ်

လက်ပြလို့သွားပုံက

သံဆန်ခါပဲတားတယ်ထင်ခဲ့တာ

တကယ်တော့

တစ်သံသရာလုံးခြားတဲ့ခရီးစဉ်”

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း . . .”

အဘလုံးတုံးက လက်ခုပ်တီးပါ၏။ အဘစိမ်းမောင်ကား ငေးတိငေးငိုင်၊ သူနှင့် ဘာမှမဆိုင်သလိုလို။

(ဂ)

“အဲ့ဒါပဲကွ . . . စာရေးဆရာတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာ အားရစရာ စိမ်းမောင်ရာ”

“ဟေ . . . အဲ . . . အင်း . . . မင်းရွတ်သွားတဲ့ဟာတွေ ငါတော့နားမလည်ပါဘူးကွာ”

“ဗမာလိုရေးထားတာကို ဗမာလိုရွတ်ပြတာ နားမလည်ဘူးဆိုတော့ကာ . . . . စိမ်းမောင်ရာ . . . ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ”

သို့ဖြင့် အဘစောမူးသာက အဘလုံးတုံးကို ဖိတ်ခေါ်ပါလေ၏။ သူ အရသာရှိတဲ့ ကဗျာနှစ်ပုဒ်ကို ရွတ်ပြလို့ မောနေပြီ၊ လုံးတုံး တပုဒ်လုပ်ကွာဟု တောင်းဆိုလေရာ အဘလုံးတုံးကလည်း မငြင်းဘဲ သူ့ဖုန်းထဲမှ ကဗျာများကို ရှာဖွေနေပါလေ၏။

“ငါလည်း မင်းလိုပဲ၊ တနေ့တည်းအတူတူ အဖမ်းခံရပြီး အတူတူပြန်လွတ်လာတဲ့ ကဗျာဆရာရဲ့ ကဗျာကို ရွတ်ချင်သကွာ”

“အေးကွာ . . . ကောင်းပါလေ့”

သို့ဖြင့် အဘလုံးတုံးက သူရွတ်မည့်ကဗျာ ခေါင်းစဉ်မှာ ‘အ’ ဖြစ်ပြီး ကဗျာရေးသူမှာ ‘ဆရာမင်းထင်ကိုကိုကြီး’ ဟု ပြောပြပါ၏။

ပြီးတော့ ရေနွေးတခွက်မော့ကာ ကဗျာကို ရွတ်ပြပါလေ၏။

“ဗျည်း ၃၃ လုံး

နောက်ဆုံးက အက္ခရာ။

သူ့ချည်းသာဆို

‘အ’ ဟာ ‘အ’ သက်သက်။

အဲဒီ ‘အ’

‘ဓမ္မ’ ရှေ့ရောက်လာတော့

အလုံးစုံ ပျက်တယ်”

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

အဘလုံးတုံးနှင့် ဖေကြီး ပြိုင်တူ လက်ခုပ်တီးမိကြကြောင်းပါ ခင်ဗျာ။    ။

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013