မန်ချက်စတာယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ကွင်းတွင်းအပြုအမူတွေက အသင်းဖော်တွေအပေါ် မယုံကြည်ရာရောက်နေတယ်လို့ အင်္ဂလန်နောက်ခံ လူဟောင်း မီကာရစ်ချက်က ဝေဖန်ပါတယ်။
ဖာနန်ဒက်စ်ဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းအသင်းခေါင်းဆောင် ဖြစ်လာခဲ့သူပါ။
သူ့ရဲ့ကွင်းတွင်းအပြုအမူနဲ့ စိတ်ခံစားချက်တွေဟာ အသင်းဖော်တွေကို မယုံကြည်ရာရောက်နေပြီး ကောင်းမွန်တဲ့အခြေအနေ မဖြစ်စေကြောင်း မီကာရစ်ချက်က ပြောပါတယ်။
စပါးအသင်းနဲ့ ပွဲစဉ်မှာ လူငယ်တိုက်စစ်ကစားသမား ပယ်လစ်ထရီ ရှေ့တက်ပြေးတာကို ဖာနန်ဒက်စ်က မမြင်ဘဲ သူပြေးတဲ့နေရာဆီ လိုက်မလာတာကြောင့် စိတ်ပျက်ဟန် ပြသနေကြောင်း မီကာရစ်ချက်က ထောက်ပြပါတယ်။
ဖာနန်ဒက်စ်ဟာ သူခြေစွမ်းပြသနိုင်ဖို့အတွက် ကွင်းထဲမှာ စိတ်ခံစားချက်များဖို့လိုအပ်ပြီး အဲဒီလိုအပြုအမူက ပိုကောင်းတဲ့ကစားပုံရရှိစေကြောင်း ပြောခဲ့ဖူးပါတယ်။










