DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာပရဲစခန်းက လောင်းကစားဒိုင်များထံမှ လိုင်းကြေး တိုးမြှင့်ကောက်ခံ
DVB
·
August 21, 2023
မြောက်ဥက္ကလာပရဲစခန်းက လောင်းကစားဒိုင်များထံမှ လိုင်းကြေး တိုးမြှင့်ကောက်ခံ
1 / 4
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်တွေမှာ လိုင်းကြေးပေးကာ တရားမဝင် ရောင်းချနေတဲ့ ၂ လုံး၊ ၃ လုံး၊ ဘောလုံး၊ ဘင်ဂို ဆော့ကစားသူနဲ့ လောင်းကစားဒိုင်တွေကို ၂၀၂၃ ဩဂုတ် ၂၀ ရက်ကစပြီး မြောက်ဥက္ကလာပရဲစခန်းက လိုင်းကြေးဈေးနှုန်း တိုးမြှင့်ကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းအရှေ့မှာ ရှိတဲ့ ခ ရပ်ကွက်က လောင်းကစားဒိုင်တွေကို နယ်ထိန်းရဲဆိုသူက တပတ်တကြိမ် လိုင်းကြေး ကျပ် ၃၀,၀၀၀ ယူရာကနေ ဩဂုတ် ၂၀ ရက်‌က စတင်ကာ တပတ် ကျပ် ၅၀,၀၀၀ တောင်းခံခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ရပ်ကွက်နေသူတဦးက “အပိုင်နယ်ထိန်းနာမည်က စိုးဝေလှိုင်၊ အသက်က ၃၀ လောက်ပဲ ရှိသေးတယ်။ အရင်က တပတ် ၃ သောင်းကနေ အခု ၅ သောင်းပေးရတယ်။ စီမံချက်ကြေးဆိုပြီး လတိုင်း သပ်သပ်ပေးရတာလည်း ရှိတယ်။ ရပ်ကွက်အတွင်း ဒိုင်ဘယ်နှဦးလောက်လဲဆိုတော့ အားလုံး ၄ ဦးရှိတယ်၊ လက်ခွဲတွေပါပဲ။ ဒိုင်ချုပ်က ဝေဘာဂီ အနန်းပင်လေတပ် ၅၀၂ ထဲမှာနေတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေအရ တရားမဝင်တဲ့ ၂ လုံး 2D၊ ၃ လုံး 3D ထီနဲ့ ဘောလုံးပွဲလောင်းကစားဒိုင်တွေ သိသိသာသာ များပြားလာတယ်လို့ သိရပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှု အားနည်းတဲ့အပြင် ရဲဝန်ထမ်းတွေကိုယ်တိုင်နဲ့ စစ်ကောင်စီတပ် မိသားစုဝင်တွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက “ဒါက တရားမဝင်ဘူး၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပါ။ ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ မှာ ပြဋ္ဌာန်းထားတဲ့ လောင်းကစားဥပဒေမှာ လောင်းကစားဆိုတာ ကံစမ်းမဲကစားတာက အစ အကျုံးဝင်ပါတယ်။ ငွေကြေးနဲ့ ဒါမှမဟုတ် ငွေကြေးလို တန်ဖိုးရှိတဲ့ အရာအတွက် လောင်းကစားလုပ်မယ်ဆိုရင် လောင်းကစားဥပဒေပုဒ်မ ၉၊ ၁၀၊ ၁၁ အရ ထောင်ဒဏ် ၃ နှစ်ကနေ ငွေဒဏ် ကျပ် ၅ သိန်းအထိ ချမှတ်နိုင်ပါတယ်” လို့ ပြောပါတယ်။

လောင်းကစားဥပဒေကို ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၂(က) မှာ “လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်း တခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက်လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်းတစုံတရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်” လို့ တွေ့ရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ၂ ရပ်ကွက်မှာ ၂ လုံးထီ လောင်းကစားနည်းတွေကို အွန်လိုင်းမှာ အပလီကေးရှင်းနဲ့ ရောင်းချနေတဲ့ ဒိုင်အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦးနဲ့ နှစ်လုံးထီ လာထိုးသူ အမျိုးသမီး ၂ ဦးကို ဩဂုတ်လဆန်းပိုင်းမှာ နယ်မြေခံရဲ ၂ ဦးက ဖမ်းဆီးအကြပ်ကိုင်ကာ လာဘ်ငွေ သိန်း ၂၀ နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013