DVB Logo
Home
မြန်မာသတင်း
ရေနံမှော်အရေး မကွေးဖက်ဒရယ်ယူနစ်အစိုးရနှင့် NUG တို့ ပြေလည်သည်အထိ ဆက်ညှိနှိုင်းရန် သဘောတူ
ဇွဲသစ်
·
April 3, 2026
Photo: Google Map
Photo: Google Map
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ရေနံမှော်ထိန်းချုပ်ရေးကိစ္စကို အကြောင်းပြုပြီး NUG လက်အောက်ခံတပ်တွေ ဝင်ရောက်လာမှုကြောင့် ဒေသတွင်း တပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေလို့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ NUG တို့ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

ပေါက်နဲ့ မြိုင်နယ်စပ်ရှိ သရက်ကန် ရေနံမှော်ဒေသကို မတ် ၃၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်အင်အား ၃၀၀ ကျော် ဝင်ရောက်လာပြီးနောက် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။

ဒီရေနံမှော်ဒေသကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရဘက်က ခန့်အပ်ထားတဲ့ တာဝန်ရှိသူတွေနဲ့ ပခုက္ကူ၊ မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပြီး လက်ရှိမှာ MOD တပ်တွေက ဝိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

NUG ဘက်ကတော့ ဒီရေနံတွင်းတွေဟာ ပြည်ထောင်စုအစိုးရအဆင့် စီမံခန့်ခွဲရမဲ့ သယံဇာတတွေ ဖြစ်တာကြောင့် ပြန်လည်လွှဲပြောင်းယူဖို့ ဆောင်ရွက်တာလို့ ပြောပါတယ်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး  ဦးကျော်နီက “မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက ရေနံမှော်တွေကို ဒီထဲက ကျနော်တို့ ရေနံတွင်းက တချို့ ရေနံတွင်းတွေကို ဒါတွေက ပြည်ထောင်စုအဆင့် စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့တွင်းတွေ ဖြစ်တယ်။ ဒါတွေအတွက်ကို ပြည်ထောင်စုအဆင့် စီမံခန့်ခွဲဖို့ ဒါတွေ ကျနော်တို့ လွှဲပြောင်းရေးကိစ္စတွေ ဆောင်ရွက်နေတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေရေးနဲ့ ဆက်နွှယ်တဲ့ ကိစ္စရပ်တွေ ဖြစ်တာကြောင့် အဆင်ပြေတဲ့အထိ ဆက်လက်ဆွေးနွေးသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG ဘက်က မကွေး ရေနံမှော်တွေဆီ ဒီလို PDF တပ်တွေ အင်အားသုံး ဖြန့်ကြက်တာတွေ မလုပ်ခင် မြေပြင်တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပေမဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် တပ်ဖြန့် ဆောင်ရွက်ရတာလို့ တုံ့ပြန်ပြောပါတယ်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက “ဒီ NUG တပ်တွေဆိုတာလည်း မကွေးတိုင်းထဲမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ PDF တပ်တွေပဲ။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ကျနော်တို့က လုံခြုံရေးအရ လုံခြုံရေးယူပေးတဲ့ သဘောပဲပေါ့။ တချို့ ရေနံတွင်းတွေကလည်း သိတဲ့အတိုင်းပဲ အခုကာလမှာ လက်နက်ကိုင်တပ်တွေက ထိန်းသိမ်းထားရတာပေါ့။ ဒါတွေကို ကျနော်တို့ အပ်နှံတဲ့အခါ သက်ဆိုင်တဲ့တပ်တွေ အချင်းချင်း ဆောင်ရွက်တဲ့အခါ ပိုပြီး အဆင်ပြေ ချောမွေ့တာပေါ့။ ဒါကတော့ ပြည်ထောင်စု စီမံခန့်ခွဲတဲ့အနေနဲ့ ဒါက ရောက်သွားတာပါ” လို့ ပြောပါတယ်။

MOD လက်အောက်ခံတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသတွင်း တင်းမာမှုတွေကြောင့် မြိုင်မြို့နယ်အတွင်း ကျေးရွာတချို့က ဒေသခံတွေ တိမ်းရှောင်နေကြပြီး တိုက်ပွဲဖြစ်ပွားလာနိုင်မဲ့ အခြေအနေကိုလည်း စိုးရိမ်နေကြပါတယ်။

တဖက်မှာလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာက မြိုင်ပကဖခေါင်းဆောင် လုပ်တုန်းက ကျူးလွန်ထားတဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ အခွန်တိမ်းရှောင်မှုတွေကို ရှောင်လွှဲဖို့ နီးစပ်ရာပြည်သူကို အသုံးချပြီး လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “နိုင်ငံပိုင်ဖြစ်တဲ့ သယံဇာတနဲ့ ပတ်သက်တဲ့ ကိစ္စတွေရော၊ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေရော၊ စစ်ဘက်ရေးရာ ကိစ္စတွေရော၊ NUG တခြားဌာနတွေရဲ့ ဒါတွေရဲ့ လမ်းညွှန်ကွပ်ကဲမှုနဲ့ လုပ်ကြရမှာ။ ဒါပေမဲ့ အဲဒါတွေက သူတို့တွေအထိ အသက်မဝင်ဘူး။ ပြည်သူတယောက်အနေနဲ့ ဘက်မလိုက်တိုင်း မြင်ရမယ်ဆိုရင် ဒါတွေက ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ၊ အခွန်တိမ်းရှောင်မှုတွေ၊ စာရင်းဇယားမရှိ သုံးစွဲထားတဲ့ သယံဇာတ ဝင်ငွေတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ယူနစ်ရဲ့ အကာအကွယ်နဲ့ ကိုယ်နဲ့ နီးစပ်ရာမှာရှိတဲ့ ပြည်သူတွေကို အသုံးချပြီး ကိုယ့်ရဲ့ မကောင်းမှုတွေကို ကွယ်ဝှက်ဖို့ ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်း ရေနံမှော်တွေဆီကို NUG တပ်တွေ အင်အား ရာနဲ့ချီ တပ်ဖြန့် ဝင်ရောက်လာတာနဲ့ ပတ်သက်လို့ ဧပြီလ ၃ ရက်မှာ ဒေသခံတွေက မိတ်ဖက်တပ်ဖွဲ့အချင်းချင်း ပဋိပက္ခမဖြစ်ရေး ဆန္ဒပြတောင်းဆိုနေကြပြီး “မိတ်ဖက်ပဋိပက္ခ အလိုမရှိ၊ လက်နက်ကိုင် ပဋိပက္ခ အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

လတ်တလော မကွေးဒေသအတွင်း ရေနံသယံဇာတထိန်းချုပ်ရေးကနေ စတင်တဲ့ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေကာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွေက အရေးကြီးနေတဲ့အခြေအနေ ဖြစ်နေပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013