DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မနက်ဖန် ပြန်လာမည်ဟု သမီးဖြစ်သူပြော
DVB
·
August 21, 2023
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မနက်ဖန် ပြန်လာမည်ဟု သမီးဖြစ်သူပြော
Donate to DVB

ထိုင်းအာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပမှာ ၁၇ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ  ဩဂုတ် ၂၂ ရက်  မနက်ဖန် ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ သူ့ရဲ့ သမီးဖြစ်သူက ပြောပါတယ်။

ဩဂုတ် ၂၂ ရက် မနက် ၉ နာရီမှာ ဖခင်ဖြစ်သူကို ဒွန်းမောင်းလေဆိပ်မှာသွားကြိုမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားသလို ဒီတကြိမ် အမှန်တကယ် ပြန်လာမှာဖြစ်တယ်လို့  သမီးဖြစ်သူ ဖဲထောင်းထန်း ရှင်နာဝပ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဩဂုတ် ၂၂ မှာ ထိုင်းဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲရှိပေမဲ့ ဖခင်ပြန်လာတာနဲ့ သက်ဆိုင်မှုမရှိကြောင်း၊ ပြည်ပမှာ ၁၇ နှစ်ကြာ နေထိုင်ခဲ့ရတဲ့ ဖခင်ဟာ အမိမြေကို နိုင်ငံသားတစ်ယောက်အနေနဲ့ ပြန်လာခြင်းဖြစ်တယ်၊ မြေး ၇ ယောက်နဲ့အတူ နေထိုင်ချင်လို့ ပြန် လာတာဖြစ်တယ်၊ နိုင်ငံရေးအပေးအယူ သဘောတူချက်ဘာမှမရှိဘူးလို့  ဖဲထောင်းထန်းက ပြော ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒူဘိုင်းကနေ စင်္ကာပူနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး သားသမက်တွေလည်း စင်္ကာပူမှာ သွားကြိုနေပြီဖြစ်ကြောင်း၊ မနက်ဖန်မှာ  ကိုယ်ပိုင်လေယာဉ်နဲ့  ဒွန်းမောင်းလေဆိပ်ကို ရောက်လာမှာလို့  လူမှုကွန်ရက်သတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒွန်းမောင်းလေဆိပ်မှာလည်း သတင်းထောက်နဲ့ သွားကြိုတဲ့ပြည်သူတွေအတွက် နေရာပြင် ဆင်သတ်မှတ်ထားတယ်၊ သူရောက်လာတာနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဗဟိုတရားရုံးကို ခေါ်သွားပြီး တရားရုံးမှာ အမှုကြားနာပြီးပါက ဘန်ကောက်အထူးအကျဉ်းထောင်ကို ပို့ဆောင် မှာဖြစ်တယ်၊  သူဟာ အရင်ကလည်း ပြန်လာမယ်လို့ အကြိမ်ကြိမ်ပြောခဲ့တာကြောင့် ရဲတပ်ဖွဲ့ကလည်း ကြိုတင်ပြင်ဆင်ထားပြီးလို့ အထူးတလည် ထပ်ပြီးပြင်ဆင်စရာမရှိဘူးလို့  ထိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောကြောင်း Amarin TV သတင်းမှာ ဖော်ပြပါတယ်။ 

ရှပ်နီပါခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိနိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်းကျဒူးဖွန်း ဖုန်းဖန်းကတော့ သူလို သန်းကြွယ်သူဌေးကြီးတစ်ယောက်၊ နိုင်ငံရေးလောကမှာ အရှိန်အဝါကြီးသူ တစ်ယောက်ဟာ  သာမန်လူလိုထောင်ထဲမှာနေနိုင်ပါ့မလား၊ ပေးတဲ့အပြစ်အတိုင်း ခံယူမယ်ဆိုရင် အချိန်မရွေးလာလို့ရပါလျက်နဲ့ ဘာကြောင့် ပြန်မယ့်ရက် အကြိမ်ကြိမ်ရွှေ့ ပြောင်းပြီး  ဝန်ကြီးချုပ်ရွေးမယ့်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လာရသလဲ၊  အဲဒီနောက်ပိုင်းမှ ပြန်လာလို့လည်းရတာပဲ၊ နိုင်ငံရေးနဲ့ ပတ်သက်မှုရှိကိုရှိရမယ်၊ သူဟာ အရင်ကလည်း ပြန်လာမယ်လို့ ပြောခဲ့တာ အကြိမ်ကြိမ် ၁၉ ကြိမ်ရှိသွားပြီး မလာဖြစ်ဘူး၊ ဒီတခေါက်ဟာ အကြိမ် ၂၀ မြောက်ပြောတာဖြစ်တယ်။ မနက်ဖန် သူ့ကို ဒွန်းမောင်းလေဆိပ်မှာ မတွေ့မချင်း ပြန်လာမယ်လို့ မယုံဘူးလို့  သတင်းထောက်တွေကို ပြောပါတယ်။ 

သက်ဆင်ရှင်နာဝပ်ဟာ သူဝန်ကြီးချုပ်ဖြစ်စဉ်က အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ် ဝယ်ယူမှု၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄,၀၀၀ ချေးငှားမှု၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှုတွေနဲ့ စစ်အစိုးရရဲ့  - ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။  အဲဒီ ထဲက မြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိ နေပါတယ်။ 

အခုလို ဖွေ့ထိုင်းပါတီ ဦးဆောင်ပြီး အစိုးရဖွဲ့ခွင့်ရတဲ့ အချိန်ကျမှ အမှန်တကယ်ပြန်လာတာကတော့ အထူးအခွင့်အရေးနဲ့ ထောင်ထဲမှာသက်တောင့်သက်သာနေရဖို့  ၊ ထောင်ခဏသာ ကျပြီး လွတ်ငြိမ်းချမ်းသာနဲ့ အပြင်မှာလွတ်လပ်စွာနေရဖို့ ဖြစ်တယ်လို့  လူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။ 

ဖွေ့ထိုင်းပါတီဟာ ပါတီဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ် တိုင်းပြည်ကို တင့်တယ်စွာပြန်လာ ရဖို့အတွက်  ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး ပြည်သူကမလိုလားတဲ့ အရင်အာဏာ ဟောင်းပါတီတွေနဲ့  လက်တွဲကာ အစိုးရဖွဲ့နေတဲ့အပေါ်  ဆန္ဒပြမှုတွေနဲ့လည်း ခံနေရ ပါတယ်။ 

ဒါပေမဲ့ သက်ဆင်အပေါ်  ချစ်ခင်လေးစားဆဲရှိနေတဲ့ သူတွေလည်း အထူးသဖြင့် ထိုင်းအရှေ့ မြောက်ပိုင်း အီဆန်ဒေသ၊ ထိုင်းအလယ်ပိုင်း အယုဒ္ဓယက ပြည်သူတွေ သောင်းနဲ့ချီကာ  စင်းလုံးငှါးယာဉ်တန်းတွေနဲ့  ဘန်ကောက်လေဆိပ်မှာ သွားကြိုဖို့ ပြင်ဆင်နေကြပြီလို့ ထိုင်းသ တင်းတွေမှာ ဖော်ပြပါတယ်။ 

နန်းမြနဒီ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013