
ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်၊ ဆီခယူးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၄ ရက် မနက်က ရထားတစီးပေါ် ကရိန်းဝန်ချီစက်ကြီးပြုတ်ကျလို့ သေဆုံးဒဏ်ရာရသူတွေထဲ သူတို့ နောက်ကွယ်မှာ ကိုယ့်အကြောင်းနဲ့ကိုယ် အခက်အခဲနဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေ ရှိနေပါတယ်။
အဲဒီထဲက အသက် ၃၁ နှစ်ရွယ် နန်းဆောင်ချနန်းယား ဆိုသူ ထိုင်းအမျိုးသမီးမှာလည်း ဒီမတိုင်ခင် ၁ ရက်ကမှ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ ဈာပနကို သွားဖို့ ရထားစီးပြီး ပြန်လာစဉ် အဆိုပါ မတော်တဆထိခိုက်မှုထဲပါသွားပြီး သေဆုံးသွားခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သူဟာ စူရင်းခရိုင်ကဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် ဘန်ကောက်မှာ အလုပ်သွားလုပ် နေတာပါ။ ဇန်နဝါရီ ၁၃ ရက်မှာ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး ဇန်နဝါရီ ၁၇ မှာ သင်္ဂြိုဟ်မယ်လို့ အိမ်က အကြောင်းကြားတာကြောင့် ချက်ချင်းပဲ မီရာရထားနဲ့ အိမ်ပြန်ခဲ့တယ်။ သူ့ရဲ့ လူမှုကွန်ရက်မှာလည်း အဖေကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ သမီးအမြန်ဆုံးပြန်ခဲ့မယ်လို့ ရေးသား ခဲ့ပါတယ်။
ရထားမတော်တဆထိခိုက်မှုဖြစ်ကြောင်း သတင်းကြားတာကြောင့် မိခင်ဖြစ်သူက ဖုန်း ၃ ကြိမ်ဆက် တာ ဖုန်းမကိုင်ဘူး၊ နန်းဆောင်ချနန်းယားရဲ့ ခင်ပွန်းကလည်း ဖုန်းဆက်တာမရလို့ စိတ်ပူပြီး ရထားမှောက်တဲ့နေရာ လိုက်သွားတယ်၊ အပျက်အစီးပုံတွေထဲက သူ့ရဲ့အလောင်းကိုတွေ့လို့ ရင်ကွဲမတတ်ဖြစ်ရတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေက အလောင်းကို စူရင်းခရိုင်ရှိ နေအိမ်ကိုပြန်ခေါ်ပြီး ဖခင်နဲ့ အသုဘအခမ်းအနားကို နှစ်လောင်းပြိုင်လုပ်လိုက်ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက်က ဖြစ်သွားတဲ့ ရထားပေါ်ကရိန်းပြိုကျမှုမှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့ထိ သေဆုံးသူ စုစုပေါင်း ၃၂ ယောက်နဲ့ ဒဏ်ရာရသူ ၆၆ ယောက်ပြီလို့ ဒေသန္တရ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source: Khaosod News











