DVB Logo
Home
မြန်မာသတင်း
ငွေတန်ဖိုးကျဆင်းနေသဖြင့် ပြည်ပသွားမည့်အလုပ်သမားများ ဝန်ဆောင်ခသွင်းရန် အခက်တွေ့
DVB
·
August 19, 2023
ငွေတန်ဖိုးကျဆင်းနေသဖြင့် ပြည်ပသွားမည့်အလုပ်သမားများ ဝန်ဆောင်ခသွင်းရန် အခက်တွေ့
Donate to DVB

ရက်ပိုင်းအတွင်း ငွေလဲနူန်းမတည်ငြိမ်ဘဲ ကျပ်ငွေတန်ဖိုးထိုးကျနေတာကြောင့် ပြည်ပသွားရောက်မယ့်သူတွေအနေနဲ့ ဝန်ဆောင်ခငွေပေးသွင်းဖို့ အခက်အခဲတွေရှိလာနေတယ်လို့ အလုပ်သမားတချို့ဆီက သိရပါတယ်။

ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေဟာ နိုင်ငံအလိုက်ဝန်ဆောင်ခကို အမေရိကန်ဒေါ်လာ ပေါက်စျေးနဲ့ ပေးသွင်းရတဲ့အခါ ပေးရမယ့်ကုန်ကျငွေက ပိုတိုးလာနေတာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံသွားဖို့ ပြင်ဆင်နေသူတဦးက "သွားဖို့စရိတ်က အိမ်ပေါင်၊ ခြံပေါင်၊ အတိုးနဲ့ ချေးပေးရမှာ။ မူလက သိန်း ၁၀၀ လောက်ပဲ ကုန်မယ်ဆိုပြီးမှန်းထားလို့ ရှာထားပြီးကာမှ တကယ်သွင်းရတော့မယ့်အချိန်မှာ ဒေါ်လာစျေးတက်လို့ သိန်း ၃၀ လောက် ထပ်တိုးသွားရော။ တခြားမှာ ထပ်ရှာဖို့က မလွယ်တော့လို့ အခက်တွေ့နေကြသူတွေ အများကြီး" လို့ ပြောပါတယ်။

ဥရောပနိုင်ငံတခုကို သွားရောက်ဖို့ စီစဥ်နေသူတဦးကလည်း ဒေါ်လာပေါက်စျေးနဲ့အညီ ပေးသွင်းရမယ့် ငွေပမာဏတိုးလာပြီး ငွေထပ်ရှာဖို့ မလွယ်တာကြောင့် နောက်ဆုတ်ရမယ့် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အမေရိကန် ဒေါ်လာပြင်ပပေါက်စျေးဟာ လေးထောင်ကျပ်ဝန်းကျင်ရှိနေကာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြစ်နေပြီး ၁ လအတွင်း ၁ ထောင်နီးပါး မြင့်တက်ခဲ့တာလို့ စျေးကွက်က သိရပါတယ်။

အခုလို ဒေါ်လာစျေးတက်လာလို့ ပြည်ပထွက်ဖို့ အလုပ်သမားတွေ အခက်တွေ့ရသလို အေဂျင်စီတွေလည်း အခက်တွေ့နေကြရတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တဦးက ပြောပါတယ်။

"လေယာဥ်လက်မှတ်ခတွေလည်း တက်တာ၊ တဖက်က အေဂျင့်ကိုလည်း ပေါက်စျေးနဲ့ ပြန်ရှင်းရတော့ လုပ်ရကိုင်ရကြပ်ကုန်တာ။ အလုပ်သမားတွေလည်း ညည်းနေကြတယ်။"

အလုပ်သမားတွေအနေနဲ့ ပြည်ပရောက်ရင်ငွေစျေးအရ လုပ်အားခကျပ်ငွေပိုရမှာ ဖြစ်ပေမယ့် လောလောဆယ်ပြည်ပထွက်ဖို့ ငွေပိုကုန်တာ၊ ချေးယူထားတဲ့ အတိုးနှုန်း များလာတာ စတဲ့ အခြေအနေတွေနဲ့ အခက်တွေ့နေကြတာလို့ ဆိုပါတယ်။

လက်ရှိ အမေရိကန်ဒေါ်လာပေါက်စျေးဟာ အာဏာမသိမ်းခင်ကာလကထက် သုံးဆနီးပါး မြင့်တက်သွားပြီး ပြည်တွင်းမှာ အထွေထွေကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ စျေးကွက်သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013