
ထိုင်ဝမ်ဒု-သမ္မတ ဝီလယမ် လိုင်း (William Lai) ရဲ့ အမေရိကန်ခရီးစဉ်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သြဂုတ် ၁၉ ရက်က နိုင်ငံပိုင်ရုပ်သံ စီစီတီဗီမှာ ဖော်ပြခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်း တစ်ဝိုက်မှာ ပြုလုပ်လျက်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုက ခွဲထွက်ရေး အင်အားစုတွေ အပေါ် "အပြင်းအထန် သတိပေးမှု" တစ်ရပ် ဖြစ်တယ်လို့ ဆိုကာ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
လာမယ့်ဇန်နဝါရီလ ရွေးကောက်ပွဲမှာ ထိုင်ဝမ် သမ္မတဖြစ်လာဖို့ တစ်ပြေးနေတဲ့ လိုင်း အနေနဲ့ သြဂုတ် ၁၈ ရက်မှာ အမေရိကန်နိုင်ငံကနေ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပါရာဂွေးနိုင်ငံကို သွားရောက်ခဲ့တဲ့ အသွား၊အပြန် ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံက လိုင်းရဲ့ တရားဝင် ခရီးတထောက်နားရာ ဖြစ်သလို မိန့်ခွန်းပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ မိမိတို့ပိုင်နက် ဖြစ်တယ်လို့ တရုတ်နိုင်ငံအနေနဲ့ ရှုမြင်ထားတဲ့အပေါ်မှာ ဒီကျွန်းရဲ့အစိုးရက ခိုင်မာစွာ ကန့်ကွက်ထားပါတယ်။
ဒါ့အပြင် စနေနေ့မနက်ပိုင်းမှ စတင်ကာ တရုတ်လေယာဉ် ၄၂ စင်းနဲ့ စစ်သင်္ဘော ၈ စင်းအထိ ထောက်လှမ်းရမိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်အရ သိရပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)ကတော့ ရေကြောင်းနဲ့လေကြောင်း တိုက်ခိုက်မှု ဆိုင်ရာ အသင့်ပြင်မှုအဖြစ် ကျွန်းတစ်ဝိုက်မှာ ကင်းလှည့် မှုတွေ ပြုလုပ်ခဲ့တယ်လို့ အကျဉ်းချုပ် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်း တစ်ဝိုက်က နယ်မြေဧရိယာကို PLA ရဲ့ အရှေ့ပိုင်း စစ်မျက်နာ ကွပ်ကဲရေးဌာနချုပ်က တာဝန်ယူထားတာ ဖြစ်ပါတယ်။
Source-Reuters










