DVB Logo
Home
အားကစား
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် သံတမန်ရေးမျက်နှာစာ၌ စစ်ကောင်စီ အရေးနိမ့်နေဆဲ
DVB
·
August 19, 2023
Photo: MoFA၊ ICJ
Photo: MoFA၊ ICJ
Donate to DVB


အာဏာသိမ်း ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို နိုင်ငံတကာရောက် မြန်မာတွေက ရောက်ရှိရာနိုင်ငံတွေမှာ အရှိန်အဟုန်မပျက် ဆက်တိုက်ပြုလုပ်နေကြပါတယ်။
စစ်ကောင်စီဟာ လတ်တလောမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမှုတွေ ပြုလုပ်ခဲ့ရပြီး ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ပြဿနာမှာလည်း ဖြေရှင်းဖို့ခက်တဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။
ဒီလို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ပြဿနာတွေက စစ်ကောင်စီရဲ့ အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ ကြိုးစားမှုမှာ အကြီးမားဆုံး အတားအဆီး ဖြစ်လာပါတယ်။
ယူကေနိုင်ငံခြားရေးဝန်ကြီးရဲ့ စစ်အာဏာသိမ်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ ယူကေနိုင်ငံသားတွေကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ ဖော်ပြပါတယ်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကလည်း အလားတူ ထုတ်ပြန်ချက် ထုတ်ခဲ့တာ တွေ့ရပါတယ်။
အင်အားကြီး အမေရိကန်နိုင်ငံဘက်က လတ်တလော ကြေညာချက်တွေ မထွက်လာသေးပေမဲ့ ကျားဖြန့်ကို နှိမ်နင်းဖို့ “Scam Center Strike Force” ကို ၂၀၂၅ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Learn and Share အဖွဲ့မှ ဦးကိုကိုလေးက “အခု ICJ မှာ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ နောက်ထပ် ၆ လ တနှစ်အတွင်းမှာပဲ အဖြေက ထွက်မှာဖြစ်ပါတယ်။ ဒီ ရိုဟင်ဂျာတွေကိုမှ မဟုတ်ဘဲနဲ့ မြန်မာပြည်သူတရပ်လုံးကို ဒီပုံစံအတိုင်း လုပ်နေတာ ဖြစ်ပါတယ်။ သတ်ဖြတ်မှုတွေက လျော့မသွားပါဘူး။ နောက်ဘိတ်ဆုံးတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲတခု ကျင်းပခဲ့ပါတယ်။ သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒီရွေးကောက်ပွဲက ယုံကြည်စိတ်ချရမှု မရှိဘူး၊ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း အသိအမှတ်ပြုဖို့ အင်မတန်ခက်တယ် ဆိုတာမျိုး ပြောလာပါတယ်။ ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်လို့ သူတို့ ကမ္ဘာ့ထောက်ခံမှု မရရှိဘူးလို့ ပြောနိုင်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ကျနော်တို့ ရောက်ရာအရပ်က တော်လှန်ရေးနယ်မြေပဲ ဖြစ်တယ်။ တိုက်ရိုက်ဆောင်ရွက်မှု၊ ဒီပလိုမက်တစ်ကမ်ပိန်း၊ ရန်ပုံငွေရှာဖွေရေးတွေကို ကျနော်တို့ ဆက်လုပ်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်အရာရှိ ၂၂ ယောက်နဲ့ နိုင်ငံတော်တပိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား ၃ ယောက်ကို ၂၀၂၅ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖမ်းဝရမ်းထုတ်ထားတာပါ။
၂၀၂၄ နိုဝင်ဘာတုန်းက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) မှာ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခံထားရပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အမှုကိုလည်း မြန်မာစစ်တပ် ဆက်လက်ရင်ဆိုင်နေရပါတယ်။
NYCBC မှ ဦးနေတင်မြင့်က “မကြာသေးခင်ကဆို ဥရောပပါလီမန်တို့၊ အာဆီယံဥက္ကဋ္ဌတို့က အတုအယောင် ရွေးကောက်ပွဲကို လက်မခံပါဘူးဆိုတဲ့ သတင်းစကားတွေကို ကမ္ဘာအနှံ့ကို အားလုံးပြောခဲ့တယ်။ ဒါတွေက ကျနော်တို့ Advocacy နဲ့ Direct Action တွေ လုပ်ဆောင်မှုပါ။ Diplomatic ကမ်ပိန်းဟာ နိုင်ငံတကာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကို သတင်းစကားပေးခြင်း ဖြစ်ပါတယ်။ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတဆင့် နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေသော်လည်းကောင်း၊ ကုလအဖွဲ့ဝင်တွေကိုသော်လည်းကောင်း အမိမြန်မာပြည်ရဲ့ အခြေအနေကို တင်ပြခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အချိန် ၅ နှစ်ကြာတဲ့အထိ ကုလသမဂ္ဂစင်မြင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပြည်သူတွေဘက်က ရပ်တည်နိုင်ခဲ့တာပါ။
အကျိုးဆက်အနေနဲ့ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စဉ်ဆက်မပြတ် ကုလသမဂ္ဂအဖွဲ့ကြီးဆီကို တင်ပြနိုင်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလွန် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၅ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ရွေးကောက်ပွဲကာလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဥရောပသမဂ္ဂ (EU) က NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ပြည်သူ့ဝန်ဆောင်မှု ပေးနေသူတွေအဖြစ် သတ်မှတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် ယူရို ၆၃ သန်း ကူညီထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့အဆင့် အဖွဲ့အစည်းကြီးတွေရဲ့ ရပ်တည်ချက်ဟာ တော်လှန်ပြည်သူတွေဘက်က ထင်သာမြင်သာ ရပ်တည်နေဆဲ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေး ကြိုးစားမှုတွေဟာ အောင်မြင်မှုမရှိခဲ့တာ တွေ့ရပါတယ်။
Save Myanmar-USA မှ ဦးရင်အေးက “ကျနော်တို့ ၅ နှစ်တာအတွင်းမှာ တိုးတက်မှုတွေ အပြည့်အဝရှိတယ်၊ အောင်မြင်မှုတွေရှိတယ်။ နောက်ဆုံးပန်းတိုင်ဟာလည်း ရေးရေးလေး မြင်နေရပြီ ဆိုတာမျိုး တွေ့နေရတယ်။ နွေဦးတော်လှန်ရေးရဲ့ မြေပြင်လှုပ်ရှားမှုတွေဟာ အဓိက ထိရောက်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက်ကို ဦးဆောင်နေကြတဲ့ အင်အားစုတွေ အကုန်လုံးပေါ့နော်၊ NUG၊ NUCC၊ CRPH အပါအဝင် တိုင်းရင်းသားခေါင်းဆောင် အကုန်လုံးအနေနဲ့ စစ်ရေးအရ ထိရောက်တဲ့ အော်ပရေးရှင်းတွေကို ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာ သိပ်အရေးကြီးပါတယ်။ ရန်သူ့ရဲ့လေတပ်ကို ဘယ်လို ထိထိရောက်ရောက် ဖြိုခွဲမလဲ၊ ပြီးရင် သူ့ရဲ့ လက်နက်စက်ရုံတွေကို ဘယ်လို ထိထိရောက်ရောက် ဖြိုခွင်းမလဲဆိုတဲ့ အော်ပရေးရှင်းတွေကို တိကျတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ပွဲရနိုင်တဲ့ မဟာဗျူဟာတွေကို ပူးတွဲလုပ်ဆောင်နိုင်ရင်တော့ အောင်ပွဲကို အမြန်ဆုံးရောက်မယ်ဆိုတာ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေး ရည်ရွယ်ချက်နဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲတရပ် ပြုလုပ်ခဲ့ပေမဲ့ ဒေသတွင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စာပိုဒ်ကြားမှာ ရုပ်သံလင့်ခ်ထည့်ဖို့ နောက်ထပ် Embed box နဲ့ Rich Text box တခု ထပ်ယူရပါမယ်။

ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဆွစ်ဇာလန် စတဲ့ ဥရောပနိုင်ငံတွေကလည်း အသိအမှတ်မပြုကြောင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ရွေးကောက်ပွဲအလွန်မှာ တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ် ၃ နိုင်ငံကသာ သူတို့ကို ဂုဏ်ပြုကြောင်း သတင်းစကား ပေးပို့ခဲ့တာပါ။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဦးမိုးဇော်ဦးက “UN က အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားပေါ့ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီအထဲမှာ သူတို့လုပ်တဲ့ ရွေးကောက်ပွဲအကြောင်း လုံးဝတောင်မပါဘူး။ မပါဘဲနဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့စကားလုံးကို အဲဒီအတိုင်းကို သုံးထားတယ်။ ဆိုတော့ အဓိပ္ပာယ်သည် သူတို့ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး၊ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ပြီးတော့ အသိအမှတ်ပြုထားတယ် ဆိုတာ တနည်းအားဖြင့် ဖော်ထုတ်ပြောကြားလိုက်တဲ့ သဘောပဲ။ အဲဒီတော့ သူတို့လုပ်တဲ့ အတုအယောင် အလိမ်အညာ ရွေးကောက်ပွဲ ဆိုတာလည်း နိုင်ငံတကာက ကုလသမဂ္ဂ အပါအဝင်ပေါ့နော်၊ ဘယ်သူမှ အသိအမှတ်မပြုတဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ သူတို့ကြိုးပမ်းမှုက မအောင်မြင်ဘူးဆိုတာ အခု ၅ နှစ်တိုင်တဲ့အချိန်ထိတောင်မှ သက်သေပြနေဆဲပဲ။ ကျနော်တို့ တော်လှန်ရေးဘက်ကကျတော့ စိန်ခေါ်မှုတွေ ဟုတ်ပါတယ်၊ ကျနော်တို့ အများကြီး ရှိပေမဲ့လို့ အရွေ့တွေလည်း အများကြီးရှိတယ် ဆိုတဲ့ဟာကို အားလုံး သိသာထင်သာ ရှိပါတယ်ပေါ့နော်။ ကျနော်တို့ ဘယ်လိုဆက်သွားကြမလဲပေါ့၊ ဘာလို့လဲဆိုတော့ ကျနော်တို့က သူတို့ အာဏာသိမ်းမှု ကြိုးပမ်းတာဟာ မအောင်မြင်ဘူးလို့ ပြောရုံသက်သက်နဲ့တော့ မလုံလောက်တော့ဘူး၊ သူတို့ မအောင်မြင်မှုကနေ ကျနော်တို့ အောင်မြင်မှုဖြစ်အောင် ပြောင်းဖို့လိုတယ်ပေါ့နော်” လို့ ပြောပါတယ်။ စစ်ကောင်စီက အမေရိကန်အစိုးရကို ချဉ်းကပ်နိုင်ဖို့အတွက် ၂၀၂၅ ဩဂုတ်လဆန်းမှာ အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ် ဒေါ်လာ ၃,၀၀၀,၀၀၀ ပေးပြီး ငှားရမ်းထားသလို PR ကုမ္ပဏီဖြစ်တဲ့ McKeon Group ကိုလည်း တလ ဒေါ်လာ ၆၀,၀၀၀ ပြီး ၆ လ စာချုပ်ခဲ့ပါတယ်။ စစ်ကောင်စီက ငွေကြေးအကုန်ကျခံ ချဉ်းကပ်ဖို့ ကြိုးစားနေပေမဲ့ အမေရိကန်လွှတ်တော်က မြန်မာ့ဒီမိုကရေစီရေးအတွက် ငွေကြေးထောက်ပံ့မှုတွေ ဆက်လက်ပြုလုပ်ခဲ့သလို ရေရှည်အတွက် ဥပဒေရေးရာ ပြင်ဆင်မှုတွေကိုပါ ပြုလုပ်နေပါတယ်

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013