ကချင်ပြည်နယ် ဗန်းမော်-ရွှေဂူ ဧရာဝတီမြစ်ဘေးတလျှောက်ရှိ ကျေးရွာတွေကနေ ဗန်းမော်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စားဝတ်နေရေး အခက်အခဲကြုံနေကြရတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို သင်္ဘောတွေနဲ့ ဆန်တက်လာတာကြောင့် ဧရာဝတီမြစ်ရေလမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေဟာ ကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်ပြီး လွန်ခဲ့တဲ့ သီတင်းသုံးပတ်လောက်ကတည်းက ဗန်းမော်မြို့နဲ့ မံစီမြို့ပေါ် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းဝင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အခုလိုထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေအတွက် စားဝတ်နေရေးအတွက် အခက်ခဲတွေဖြစ်နေတယ်လို့ တိမ်းရှောင်ပြည်သူတွေကို ကူညီပေးနေသူ တဦးက ပြောပါတယ်။
“အစိုးရဘက်ကလည်း အသိအမှတ်မပြုထားတဲ့ IDP တွေလိုဖြစ်နေတော့ စားဝတ်နေရေးအတွက် အခက်အခဲရှိတယ်၊ ဆန်တွေ၊ ဟင်းစားတွေဆိုရင်လည်း ရွာကို ပြန်သယ်ပြီး ဒီမှာချက်စားကြတယ်။ အခုက နေဖို့ အခန်းပေးထားသလောက်ပဲရှိတယ်ပေါ့နော်။ သက်ဆိုင်တဲ့ အသင်းတော်ကနေ ကူညီပေးနေတာ အနည်းအကျဉ်းပဲရှိတယ်၊ အဖွဲ့အစည်းတွေလည်း ဘာမှမဝင်ပါဘူး၊ အရင်ကတော့ စစ်ရှောင်ဆိုရင် လာပေးတဲ့သူတွေ အများကြီးရှိတယ်၊ အခုက တိုက်ပွဲဖြစ်လို့ တိမ်းရှောင်လာတဲ့သူတွေမဟုတ်တော့ လျစ်လျှူရှုထားသလိုဖြစ်နေတယ်။”
ဗန်းမော်မြို့နဲ့ မံစီမြို့ ပေါ်တိမ်းရှောင်နေတဲ့ ကျေးရွာတွေကတော့ ဧရာဝတီမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မြလယ်၊ စင်းခန်း၊ ဘူးဒေါင်း၊ နခုပ် ကျေးရွာက ပြည်သူတွေဖြစ်ပါတယ်။
မြို့ပေါ်တိမ်းရှောင်လာသူတွေဟာ တိုက်ပွဲဖြစ်ပွားတာကြောင့် တိမ်းရှောင်လာတာ မဟုတ်ပဲ တိုက်ပွဲကြောက်လို့ တိမ်းရှောင်လာသူတွေဖြစ်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးက IDP စာရင်းမှာထည့်သွင်းတာ မရှိသလို WFP ကနေ စားနပ်ရိက္ခာတွေ ရရှိတာလည်း မရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန် ဗန်းမော်မြို့ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်းများပြားနေပြီး ဗန်းမော်မြို့ပေါ်တိမ်းရှောင်လာတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုအများစုကလည်း သွေးလွန်တုပ်ကွေးဖြစ်ပွားနေတယ်လို့ ဘုရားကျောင်းမှာ ခိုလှုံနေသူ တဦးက ပြောပါတယ်။
ဗန်းမော်မြို့ပေါ် တိမ်းရှောင်နေသူတွေကတော့ စစ်ကောင်စီသင်္ဘော ဗန်းမော်မြို့ပေါ် ရောက်ရှိပြီးနောက် အခြေအနေ တည်ငြိမ်မှသာ နေရပ်ပြန်နိုင်မယ်လို့လည်း ပြောပါတယ်။
လက်ရှိအချိန် မန္တလေးကနေတက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုကို KIAနဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေ ဒုတိယမြစ်ကျဉ်းမှာ ဩဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် စင်းခန်းတံတားနားမှာ ရပ်နားနေတာပါ။