
ကသာ-ဗန်းမော် လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး စင်းခန်းတံတားကို စက်တင်ဘာ ၆ ရက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “တံတားခြေရင်း ဟုတ်တယ်၊ စင်းခန်း တံတားခြေရင်း။ ဧရာဝတီမြစ်ကူးတံတားလေ။ လေယာဉ်ဗုံးက ကျင်းတူးသလိုပဲ။ တံတားအောက်ကနေ တံတားပေါ်ကို တက်တဲ့ တံတားလည်း ထိသွားတယ်။ အကုန်ပဲ့ထွက်သွားပြီ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ အပြင်းအထန် တိုက်ခိုက်နေတာဖြစ်ပြီး အရင်နေ့က စစ်သင်္ဘောတစီး ပစ်ခံရလို့ မြုပ်သွားတာနဲ့ စစ်တပ်ဘက်က သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးခံရတာတွေကြောင့် အတော်ဒေါသထွက်နေပုံရတယ်လို့ သူက ပြောပါတယ်။
ရှေ့တန်းနဲ့နီးစပ်သူ နောက်ထပ် သတင်းရင်းမြစ်တယောက်က “စစ်ကောင်စီက စင်းခန်း ဧရာ၀တီမြစ်ကူး ကားနဲ့ ရထားသွား သံမဏိသံဘောင်တံတားကြီးကို လေယဥ်ဗုံးကြဲ ဖျက်ဆီးသွားတယ်” လို့ ပြောပါတယ်။
တံတားရဲ့အရှေ့ဘက် တံတားခြေရင်းအပေါ်က သံဘောင်ကွေးသွားပြီး ကားတစီးစာခန့် တံတားကြမ်းပြင် ပေါက်သွားကာ တံတားရဲ့ အနောက်ဘက် တံတားခြေရင်းလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၅ ရက်ကလည်း စင်းခန်းရွာရှိ ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ စစ်အာဏာရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
စင်းခန်းတံတားဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ကို ဖြတ်သန်း တည်ဆောက်ထားတဲ့ ကားနဲ့ ရထား နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ တံတားဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလအတွင်း KIA နဲ့ ပူးပေါင်းတပ်တွေက တံတားလုံခြုံရေးစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်ဘက်က စင်းခန်းတံတားနဲ့ ဗန်းမော်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြည်း၊ ရေ၊ လေ ပူးပေါင်းထိုးစစ်တွေ ဆက်လက်လုပ်ဆောင်နေပြီး တံတားအနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
Photo: ဒေသခံ











