
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်အသင်း ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ပရီးမီးယားလိဂ်ဒိုင်လူကြီးချုပ် ဟောင်းဝါ့ဒ်ဝက်ဘ်က ဝန်ခံသွားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁ ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် မနေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက အိမ်ကွင်းအိုးထရတ်ဖို့ဒ်မှာ ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲစဉ် ပွဲပြီးခါနီးမှာ မန်ယူဂိုးသမားအိုနာနာက ဘောလုံးကို ရှေ့ထွက်ရှင်းလင်းရာမှာ ဘောလုံးကို မထိဘဲ ဝုဗ်တိုက်စစ်မှူး ကလာဂျစ်ကို ဝင်တိုက်မိခဲ့တာပါ။
အဲဒီဖြစ်ရပ်ကို VAR နဲ့ ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပေမဲ့ ရှင်းလင်းမှုမရှိတဲ့ အခြေအနေကြောင့် ပင်နယ်တီ သတ်မှတ်ခဲ့ခြင်း မရှိခဲ့တာပါ။
ပွဲပြီးချိန်ရောက်မှပဲ မှားယွင်းဆုံးဖြတ်ခဲ့မှုအတွက် လိဂ်ဒိုင်လူကြီးများအဖွဲ့ရဲ့ မန်နေဂျာဖြစ်သူ ဂျွန်နသန်မော့စ်က ဝုဗ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်ကို တောင်းပန်စကားဆိုခဲ့တယ်လို့ အိုနေးလ်က ပြန်လည်ပြောပြပါတယ်။
အဲဒီနောက် ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ ဟောင်းဝါ့ဒ်ဝက်ဘ်ကလည်း ဝုဗ်အသင်းဆီကို ဆက်သွယ်ခဲ့ပြီး မှားယွင်းဆုံးဖြတ်ခဲ့ကြောင်းဝန်ခံ ပြောခဲ့တယ်လို့ သိရပါတယ်။
ဝုဗ်နည်းပြ အိုနေးလ်ကတော့ မှားယွင်းဆုံးဖြတ်မှုဟာ ဘက်လိုက်ဆုံးဖြတ်တာမျိုးတော့မဟုတ်ဘဲ လူသားတစ်ဦးရဲ့ အမှားမျိုးသာဖြစ်ကြောင်း၊ VAR ရဲ့ အကူအညီ ပိုမိုရရှိသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။










