DVB Logo
Home
နိုင်ငံတကာ
MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထား၏  iTV ရှယ်ယာအမှု ပယ်ချရန် စုံစမ်းရေးအဖွဲ့ပြော 
DVB
·
August 15, 2023
Donate to DVB

iTV မီဒီယာမှာ ရှယ်ယာပါဝင်တယ်ဆိုပြီး Move Forward Party (MFP) ပါတီဥက္ကဋ္ဌ ထိမ်းဖိထားအပေါ်  လွှတ်တော်အမတ်အရည်အချင်းနဲ့မကိုက်ညီကြောင်း စွပ်စွဲထားတဲ့ အမှုကို ပယ်ချဖို့ စုံစမ်း‌‌ရေးအဖွဲ့က ရွေးကောက်ပွဲကော်မရှင်ရဲ့ ကော်မတီအဖွဲ့ခွဲထံ တင်ပြလိုက်ပါတယ်။ 

MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားဟာ iTV မီဒီယာကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတာကို တွေ့ရှိတဲ့အတွက် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အတိုင်ခံထားရသလို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကလည်း ယာယီရပ်စဲခံထားခဲ့ရတာ ဖြစ်ပါတယ်။ 

အဆိုပါအမှုတွဲကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ပြန်လည်စစ်ဆေးစေခဲ့ရာမှာ ဩဂုတ် ၁၄ ရက် မှာတော့  ထိမ်းဖိထား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ လျှောက်ထားခဲ့တဲ့  ၂၀၂၃ ဧပြီလ ၄ ရက်မှ ၇ ရက်နေ့တွေအတွင်း iTV ကုမ္ပဏီဟာ မီဒီယာလုပ်ငန်း ဆောင်ရွက်ခြင်းမရှိသလို မီဒီယာလုပ်ငန်းမှရရှိတဲ့ ဝင်ငွေလည်းမရှိ၊ ရာဇဝတ်မှုဥပဒေအရ အရေးယူဖို့ ခိုင်လုံတဲ့သက်သေ မရှိကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် စွပ်စွဲခံထားရတဲ့ ထိမ်းဖိထား အမှုကို ပယ်ချသင့်ကြောင်း စုံစမ်း‌‌ရေးအဖွဲ့က ရွေးကောက်ပွဲကော်မရှင် ဆပ်ကော်မတီအဖွဲ့ကို တင်ပြလိုက်တယ်လို့ ဆိုပါတယ်၊။ 

ဆပ်ကော်မတီအနေနဲ့ ကာယကံရှင် ထိမ်းဖိထားကို ခေါ်ယူမေးမြန်းပြီး အမှုကို ပြန်လည်သုံးသပ်စစ်ဆေးကာ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြတာ၊ ရွေးကောက်ပွဲကော်မရှင်က ထပ်မံသုံးသပ်စစ်ဆေးပြီး အခြေခံဥပဒေတရားရုံးကို ဆက်လက်တင်ပြတာ၊ အခြေခံဥပဒေတရားရုံးက အမှုပယ်ချကြောင်း ဆုံးဖြတ်မှသာ ထိမ်းဖိထားဟာ အဲဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်ကင်းမှာ ဖြစ်ပါတယ်။ 

ထိမ်းဖိထားကတော့ သူဟာ အစကတည်းက iTV ရှယ်ယာပါဝင်မှု အမှုကနေ လွတ်ကင်းခဲ့တယ်၊ ဒါကို အမှုလုပ်ပြီး တိုင်ကြားအရေးယူတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ခံရတယ်လို့  သံသယရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။ 

iTV ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ပိတ်သိမ်းခဲ့ပြီး သူဟာလည်း ၄ နှစ်တိုင် လွှတ်တော်အမတ် တာဝန်ထမ်းဆောင်လာခဲ့တယ်၊ ဒါပေမဲ့ ဒီနှစ် သူ ဝန်ကြီးချုပ်အဖြစ် အရွေးခံဖို့ အမည်တင်သွင်းတဲ့အခါကျမှ iTV ရှယ်ယာပါဝင်မှု တိုင်ကြားခံရတယ်၊ iTV ဟာ မီဒီယာ အလုပ်လုပ်နေဆဲ ဝင်ငွေရှိနေဆဲဆိုတဲ့ သက်သေတွေနဲ့ iTV ကို ပြန်လည်ရှင်သန်အောင်ကြိုးစားလာတာ တွေ့ရတယ်၊ သူ ဝန်ကြီးချုပ် အရွေးခံဖို့ ရက်ပိုင်းအလိုမှာ ရွေးကောက်ပွဲကော်မရှင်က အမှုတွဲကို အခြေခံဥပဒေတရားရုံးကို တင်ပြလိုက်တယ်၊ ဝန်ကြီးချုပ် ထပ်မံအရွေးခံဖို့ ပြင်နေတဲ့နေ့မှာပဲ လွှတ်တော်အမတ် တာဝန်ဝတ္တရားကနေ ရပ်စဲခံခဲ့ရတယ်၊ လွန်ခဲ့တဲ့ ၄ နှစ် ရွေးကောက်ပွဲမှာ  မီဒီယာကုမ္ပဏီနဲ့ ပတ်သက်တယ်ဆိုပြီး  အမတ် ၆၀ ဦး အတိုင်ခံထားရတဲ့အထဲ FFP ပါတီဥက္ကဋ္ဌ ထနားထွဏ်း ၁ ဦးတည်းကလွဲလို့ ကျန်တဲ့အမတ်တွေ ဘယ်သူမှ တာဝန်မှရပ်စဲတာမခံခဲ့ရဘူး၊ ဒါဟာ တရားမျှတမှုရှိပါရဲ့လားလို့ ဖိထားက ရေးသားထားပါတယ်။  

ရွေးကောက်ပွဲကော်မရှင်ဟာ လုပ်ထုံးလုပ်နည်းအရ ကာယကံရှင် ဖိထားကို ခေါ်ယူစစ်ဆေး မေးမြန်းရမှာဖြစ်ပေမဲ့ တိုင်ကြားချက် သက်သေခိုင်လုံတယ်ဆိုပြီး ဖိထားကို ဖြေရှင်းခွင့်မပေးဘဲ ရွေးကောက်ပွဲဆိုင်ရာတရားရုံးကို အမှုတွဲတန်းပို့လိုက်တဲ့အပေါ်  ဝေဖန်ခံနေရသလို လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေအဖွဲ့ကလည်း ရွေးကောက်ပွဲကော်မရှင်တွေကို တာဝန်ဝတ္တရားလစ်ဟင်းမှု၊ အမှုကို သေချာမစိစစ်ဘဲ အထက်ကို ဆက်လက်တင်ပြမှုတွေနဲ့ တိုင်ကြားခံထားရပါတယ်။ 

ထမ်းဖိထားဟာ iTV မီဒီယာကုမ္ပဏီထဲမှာ အစုရှယ်ယာပေါင်း ၄၂၀၀၀ စု ပါဝင်ထားတယ်၊   ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမယ့်သူဟာ မီဒီယာ ရှယ်ယာထဲ မပါဝင်ရဘူးဆိုတဲ့ ပုဒ်မ ၉၈/၆ နဲ့ ငြိစွန်းသလို မိမိကိုယ်မိမိအရည်အချင်းမပြည့်မီမှန်း သိပါလျက်နဲ့ လွှတ်တော်အမတ် အရွေးခံခဲ့တဲ့အတွက် ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၅၁ နဲ့ ငြိစွန်းတယ် ဆိုပြီး စစ်အာဏာရှင်ပါတီတစ်ခုဖြစ်တဲ့ ဖလန်းပချားရတ်ပါတီအမတ် နိုင်းရိန်းကရိုင်း လိကစ်ဝပ်ထနကရော အထက်လွှတ်တော်အမတ် ၂ ဦးကပါ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာပါ။ 

ထိမ်းဖိထားကတော့ အဲဒီရှယ်ယာဟာ သူပိုင်မဟုတ်ဘဲ ကွယ်လွန်သူဖခင်ရဲ့ အမွေတစ်ခုဖြစ်ပြီး ရှယ်ယာပိုင်ဆိုင်ခွင့်ရှိသူ မဟုတ်၊  ကျန်ရစ်သူများအား အမွေစီမံပေးသူသာ ဖြစ်ကြောင်း၊ ဒီကိစ္စ အဂတိတိုက်ဖျက်ရေးကော်မရှင်ကို အကြောင်းကြားပြီးဖြစ်တယ်၊ ရွေးကောက်ပွဲဝင်ခါနီးကလည်း ရှေ့နေတွေနဲ့ တိုင်ပင်ခဲ့ပြီး ဖြစ်တယ်၊  အဲဒီရှယ်ယာကလည်း ကုမ္ပဏီရဲ့ ၁ ရာခိုင်နှုန်းပင်မပြည့်လို့ iTV ရှင်သန်သော်မှ ဘာလုပ်ပိုင်ခွင့်အာဏာမှမရှိဘူးလို့ ပြောခဲ့ပါတယ်။ 

အဆိုပါဥပဒေအရ ကျူးလွန်သူမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သလို လွှတ်တော်အမတ်ကာလ ခံစားခဲ့တဲ့ ၄ နှစ်စာ လခတွေ အစိုးရကို ပြန်သွင်းရမှာဖြစ်ပါတယ်။ နိုင်ငံရေးလောကမှ ၁၀ နှစ်တာ ရပ်ဆိုင်းခံရမှာဖြစ်ပြီး ဥက္ကဋ္ဌ အနေနဲ့ ထောက်ခံပေးခဲ့တဲ့ သူ့ပါတီက အနိုင်ရလွှတ်တော်အမတ်တွေလည်း ပြန်လည်ရုပ်သိမ်းခံရဖွယ်၊ ပါတီပါ ဖျက်သိမ်းခံရဖွယ် ရှိပါတယ်။ 

Ref: MGR Online

Photo-MFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013