DVB Logo
Home
မြန်မာသတင်း
ငွေလဲကောင်တာ ၁၃ ခုကို စစ်ကောင်စီ ပိတ်သိမ်း၊ ဒေါ်လာစျေး စံချိန်တင်မြင့်တက်
DVB
·
August 15, 2023
ငွေလဲကောင်တာ ၁၃ ခုကို စစ်ကောင်စီ ပိတ်သိမ်း၊ ဒေါ်လာစျေး စံချိန်တင်မြင့်တက်
Donate to DVB

မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးဆက်လက်ကျဆင်းနေပြီး ပြင်ပဒေါ်လာစျေးဟာ အမြင့်ဆုံးထိုးတက်ပြီးနောက် Money changer ကုမ္ပဏီ ၁၃ ခုကို လိုင်စင်ပိတ်သိမ်းကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာပါတယ်။

ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့်ဆိုပြီး ဗဟိုဘဏ် ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ ၁၃ ခုကို သြဂုတ် ၁၄ ရက်ကစပြီး လုပ်ငန်းလိုင်စင် ပြန်ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန် ကြေညာလိုက်တာပါ။

လိုင်စင် ပိတ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေကတော့ Prime Residence Co., Ltd.၊ West Line Co., Ltd.၊ IMA Co., Ltd.၊ Great Father Great Sons General Trading Co., Ltd.၊ Gold Foil Co., Ltd.၊ Big Lion Gems Co., Ltd.၊ Global International Investment & Development Co., Ltd.၊ World Fortune International Finance Group Shares Co., Ltd.၊ Myat Nan Yone Services Co.,Ltd.၊ LP Holding Co., Ltd.၊ Golden Myanmar Asia Crown Travels & Tours Co., Ltd.၊ Yangon KSA Travels & Tours Co., Ltd.၊ Balance Co., Ltd. တို့ ဖြစ်ပါတယ်။

ဒေါ်လာနဲ့ လုပ်ငန်းလည်ပတ်နေသူတဦးက “ငွေလဲကောင်တာတွေကို ဘာကြောင့် လိုင်စင်သိမ်းတယ် ဆိုတာတော့ ထုတ်ပြန်ချက်မှာ အတိအကျ မပါဘူး။ မနေ့ကတော့ ‌ငွေစျေးက အမြင့်ဆုံးလို့ ပြောလို့ရတယ်။ ၃,၆၀၀ အထက်ထိ တက်သွားတယ်။ သြဂုတ် ၁၄ ရက်နေ့ တရက်တည်းကို မြန်မာငွေစျေးက တော်တော်လေး ထိုးကျသွားတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး မတည်ငြိမ်မှုနဲ့အတူ ကျပ်ငွေတန်ဖိုး ထိုးကျပြီး နိုင်ငံခြားငွေစျေးကွက် ကမောက်ကမဖြစ်နေတဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲများစွာ ချမှတ်နေသလို နိုင်ငံခြားငွေ ဝယ်ယူရောင်းချမှုတွေ အပေါ်မှာလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လိုင်စင်မရှိဘဲ အွန်လိုင်းမှာ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေ၊ စျေးကစားသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးချက် ထုတ်ထားပါတယ်။

အဲဒီသတိပေးချက် ထုတ်ပြန်ပြီးနောက် သြဂုတ် ၁၄ ရက်က ပြင်ပစျေးကွက်မှာ အမေရိကန် တဒေါ်လာကို ၃,၅၅၀-၃,၆၀၀ အထက်အထိ မြင့်တက် ရောက်ရှိလာပြီး ရွှေစျေးကလည်း အခေါက်ရွှေတကျပ်သားကို ၃၇ သိန်းအထက်အထိ မြင့်တက်လာပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ငွေလဲစင်တာ ၁၀ ခုကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ပါတယ်။ ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပေမဲ့ ဗဟိုဘဏ်ပြင်ပ ဒေါ်လာစျေးကတော့ တရိပ်ရိပ်နဲ့ ဆက်လက်မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013