DVB Logo
Home
နိုင်ငံတကာ
ထိုင်းနယ်စပ်တလျှောက် ကမ္ဘောဒီးယား စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် အိမ်မပြန်ရသေး 
DVB
·
August 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံကြား မနှစ်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေပြီးကတည်းကနေ ခုချိန်ထိ ထိုင်းနယ်စပ်တလျှောက်မှာ ကမ္ဘောဒီးယား အရပ်သား ၂၀,၀၀၀ ကျော်ဟာ သူတို့အိမ်တွေဆီ ပြန်နိုင်ခြင်း မရှိသေးဘဲ စစ်ဘေးရှောင်နေရတုန်းပဲလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်က အငြင်းပွားဖွယ် နယ်စပ်ဒေသဆီ သွားရောက်ခဲ့အပြီး ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက စစ်ဘေးရှောင် ၆ သိန်းခွဲနီးပါး ရှိခဲ့ပြီး အခုချိန်ထိ အိမ်မပြန်နိုင်သေးသူ တွေကတော့ သူတို့ရဲ့ ရွာတွေနဲ့ မြို့တွေမှာ ထိုင်းစစ်သားတွေ တပ်စွဲထားတာကြောင့်လို့ ပြောပြ ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်းဒရူးစ်က ဆိုပါတယ်။

ဒီဇင်ဘာ ၂၇ ရက် နှစ်နိုင်ငံ အပစ်ရပ် သဘောတူညီချက်ပါ အချက်တွေအတိုင်း အရပ်သားတွေ ဘေးကင်းကင်း အိမ်ပြန်နိုင်ရေး နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း သူက တောင်းဆိုခဲ့ ပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ သဘောတူညီချက်အတိုင်း ဆောင်ရွက်နေတာဖြစ်ပြီး ကမ္ဘောဒီးယားပိုင်နက် ကို တရားမဝင် ကျူးကျော်သိမ်းပိုက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

လက်ရှိမှာတော့ နယ်စပ်ဂိတ်တွေ ပိတ်ထားဆဲ ဖြစ်တာကြောင့် ကုန်သွယ်ရေးတင်မကဘဲ နယ်စပ် ဒေသခံတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပါ အပြင်းအထန် ထိခိုက် နေရတယ်လို့ အန်းဒရူးစ်က ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပိုမိုပြင်းပြင်းထန်ထန် နှိမ်နင်းဖို့လည်း ကမ္ဘောဒီးယား အာဏာပိုင်တွေကို တွမ်အန်းဒရူးစ်က တိုက်တွန်းပါတယ်။

ဝန်ကြီးချုပ် ဦးဆောင်တဲ့ အထူးကော်မရှင်ရဲ့ စမတ်ကျကျ ဆောင်ရွက်မှုကြောင့် ငွေလိမ်လုပ်ငန်း ၆၀၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး၊ ကာစီနို ၂၉ ခုရဲ့ လိုင်စင်ကို ရုပ်သိမ်းတာတွေနဲ့ ဆိုင်းငံ့တာတွေ လုပ်ဆောင်ခဲ့သလို၊ လူ ၃,၀၀၀ နီးပါးကို တရားစွဲဆိုထားကာ ပင်မခေါင်းဆောင်တချို့ကို တရုတ်နိုင်ငံ ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြောင်း ခိုင်လုံတဲ့ အထောက်အထား ရှိနေတဲ့ ကမ္ဘောဒီးယား အရာရှိကြီးတွေနဲ့ ဩဇာရှိသူတွေကိုတော့ အစိုးရဘက်က အရေးယူ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကနဲ့ အစိုးရ ကဏ္ဍနှစ်ခုလုံးမှာ ဒီအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အကျိုးအမြတ် ရရှိခဲ့သူ၊ အကျိုးအမြတ် ရယူနေသူ မှန်သမျှကို ဘယ်သူ့ကိုမှ မချန်ထားဘဲ အဆင့်တိုင်းမှာ စုံစမ်း စစ်ဆေးပြီး တရားစွဲဆိုရမယ်လို့လည်း ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013