DVB Logo
Home
မြန်မာသတင်း
သီရိမင်္ဂလာစျေးဟောင်းကိုဖြိုဖျက်တော့မည်ဟု စည်ပင် သတိပေး
DVB
·
August 13, 2023
သီရိမင်္ဂလာစျေးဟောင်းကိုဖြိုဖျက်တော့မည်ဟု စည်ပင် သတိပေး
Donate to DVB

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ သီရိမင်္ဂလာစျေးဟောင်းကို ဖြိုဖျက် သွားမှာဖြစ်လို့ လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ သြဂုတ် ၁၇ ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းပြောင်းရွှေ့ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေးထားတယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေဆီက သိရပါတယ်။

သီရိမင်္ဂလာစျေးဟောင်းကို ၂၀၁၇ ခုနှစ်ကတည်းက အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပြီး လုပ်ငန်းလုပ်ကိုင်သူတွေကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစလို့ သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်း၊ ပယ်ဖျက်ထားပြီးဖြစ်တယ်လို့ စည်ပင်ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ခံထားရတဲ့နေရာမှာ လူနေထိုင်တာ၊ လုပ်ငန်းလုပ်ကိုင်တာ၊ လုပ်ငန်းသုံးပစ္စည်းထားရှိတာကို ဥပဒေအရခွင့်မပြုဘူးလို့လည်း ဆိုထားပါတယ်။

အဲဒီအဆောက်အဦဟာ အရင်က ကုန်စိမ်းစျေးအဖြစ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ လှိုင်မြို့နယ်က စျေးအသစ်ကိုရွှေ့ပြောင်းစေခဲ့ပေမယ့် စားသောက်ဆိုင်၊ ဟိုတယ်နဲ့ လုပ်ငန်းတချို့ကျန်ခဲ့သလို ယာဉ်အရောင်းအဝယ်လုပ်တဲ့ နေရာတခုအဖြစ် ဆက်ရှိနေခဲ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ ကားပွဲစား တယောက်က ဆိုပါတယ်။

"အဆောက်အဦမှာ ထားတဲ့ကားတွေရော၊ ပစ္စည်းတွေရော ပြောင်းရွှေ့ဆိုပြီး စည်ပင်က အသိပေးစာတွေ လာကပ်ထားတယ်။ တချို့ရွှေ့တဲ့သူရွှေ့နေပြီ" လို့ သူက ပြောပါတယ်။

အဲဒီ သီရိမင်္ဂလာစျေးဟောင်း အဆောက်အဦကို ဖြိုဖျက်ရောင်းချမှာဖြစ်လို့ ဆောင်ရွက်လိုတဲ့ သူတွေကိုလည်း စည်ပင်က တင်ဒါခေါ်ယူထားပါတယ်။

၁၉၉၆ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ သီရိမင်္ဂလာစျေးဟောင်းဟာ ၅ ထပ်အမြင့်ရှိတဲ့ RC အဆောက်အဦဖြစ်ပြီး ယာဉ်ကြောကျပ်တည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၁ ခုနှစ်မှာ လှိုင်မြို့နယ်ကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆောက်အဦကို ဖျက်သိမ်းဖို့ သင့်၊ မသင့်နဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်က ပြုလုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ မဖျက်သင့်သေးဘူးဆိုတဲ့ ဘက်က ရပ်တည်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013