ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားလမ်းမကြီးမှာ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်းက လူငယ်အမျိုးသားတယောက်ကို ကား ၂ စီး ဆက်တိုက် ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၇ နာရီခွဲကျော်က လှော်ကားလမ်းမကြီးအတိုင်း စက်ဘီးစီးလာတဲ့ အသက် ၁၅ နှစ် အရွယ် လူငယ်အမျိုးသားတယောက်ကို ရထားသံလမ်းအကူးမှာ လှော်ကား- ဒညင်းကုန်း မောင်းနှင်တဲ့ အောက်ဆိုက်ကားတစီးက အရင်ဝင်တိုက်ခဲ့ပြီး နောက် မြေကြီးတင်တဲ့ Faw ကားက ထပ်ပြီး တက်ကြိတ်သွားခဲ့တာဖြစ်ပါတယ်။
ကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ရှိသူတယောက်က “ကားနဲ့တိုက်သွားတာက ၂ စီး၊ ရောက်တော့ ကောင်လေးက ခါးနေရာက ပျော့ခွေနေပြီး သေဆုံးနေပါပြီ၊ အနားက လူတွေက တစီးနဲ့အရင်ချိတ်မိပြီး နောက်တစီးက တက်ကြိတ်သွားတာလို့ ပြောတယ်၊ မိသားစုတွေက ပန်းခြံ ၂၈ မှာနေကြတာ” လို့ ပြောပါတယ်။
ကားနှစ်စီးလုံးရဲ့ ယာဉ်မောင်းတွေဟာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပြီး သေဆုံးသူ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက ရွှေပြည်သာဆေးရုံ၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်။