DVB Logo
Home
Lead Story
ကျိန်စာ သာဝ
DVB
·
August 13, 2023
ကျိန်စာ သာဝ
Donate to DVB

(က)

ဒီမနက် ရေနွေးကြမ်းဝိုင်းကိုရောက်တော့ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ ရွာမှာခဏလာရှောင်နေတဲ့ ပန်းချီဆရာအဘဆိုးပေ၊ စိမ်းသရဖူစိမ်း အဘစိမ်းမောင်တို့နဲ့ ဆုံရပါ၏။ စကားဝိုင်း အသွားအလာကိုကြည့်တော့ မအလဘုရားအကြောင်းလည်းပါ၏။ လက်သုံးချောင်းထောင် ဆရာတော်ဘုရားအကြောင်းလည်းပါ၏။

"ဆရာတော်ဘုရားက ရုတ်တရက် လက်သုံးချောင်းထောင်ပြီး အနှစ်ချု ပ်တရားကိုပေးလိုက်တော့ ကြင်စိုး သာ၀ မအလကြီး မအီမလည်မျက်နှာကြီးနဲ့ လက်အုပ်တောင်မှ မချီနိုင်လောက်အောင် ဖြစ်သွားတာကွ။” 

အားလုံး ပြုံးပြုံးရယ်ရယ် ပေါ့ပေါ့ပါးပါးရှိကြသော်လည်း  အဘစိမ်းမောင်မှာ မျက်နှာကြီးရှု တည်တည် ဖြစ်နေပါလေ၏။

“မဟနအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သီဟိုဠ် ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တ စန္ဒနသာရက ရေစက်ချတရားဟောရာမှာ

'မကောင်းတဲ့အလုပ်ကို မလုပ်ဖို့၊

ကောင်းတဲ့အလုပ်ကို လုပ်ဖို့နဲ့ 

မိမိစိတ်ကိုဖြူစင်အောင်ထားဖို့ ' 

ဆိုတဲ့အချက်သုံးချက် သည်သာလျှင် ဗုဒ္ဓရဲ့ အနှစ်ချုပ်တရားဖြစ် တယ်လို့ တိုတို ပြတ်ပြတ်ဟောလိုက်တာ”

" အေးကွ . . . သတင်းစာမျက်နှာတွေပေါ်မှာမြင်ရတယ် . . . မအလကြီး မချိပြုံးကြီးနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားတာဟ "

" ဘယ်လိုမှ ထင်မှတ်မထားတဲ့အချိန်မှာမအလ ငုတ်တုတ်ကို မေ့သွားတာ "

" ဟားဟား ဟားဟား ဟားဟား . . . . "

ကျန်လူများကား တကယ့်ကို ပေါ့ပေါ့ပါးပါး ရယ်မောနေချိန်မှာ အဘစိမ်းမောင်ကား မျက်မှောင်ကြီးပါ ကြုံ့လာပါလေ၏။ ခဏ အကြာမှာ စကားဝိုင်းထဲသို့ ဝင်လာပါ၏။

" မင်းတို့တွေကွာ . . . ဘုရားတည်တာ ကောင်းတဲ့အလုပ်ပဲကွ၊ ပျက်ရယ်မပြုသင့် ဘူးထင်တယ် "

" အလို . . . အိုင်ဆေးကိုစိမ်းမောင် . . . ငါတို့က ဘာသာတရားကို ပျက်ရယ်မပြုပါဘူး။ မင်းတို့အဘ ကြင်စိုး သာ၀ မအလ ရဲ့ မနေတတ်မထိုင်တတ် ဖြစ်ပျက်သွားပုံ ကြီးကို ရယ်ချင်လွန်းလို့ပါဟ "

" ဟားဟား ဟားဟား ဟားဟား . . . . "

" ကြင်စိုး သာ၀ မအလနဲ့ အပေါင်းပါတွေအတွက်ကတော့ စကျင်ဗုဒ္ဓရုပ်ပွားဆင်းတု တော်ဖွင့်ပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးသွားတယ်လို့ ပြောလို့မရတော့ ပဲ သူတို့တွေရဲ့စိတ်ထဲမှာ ' ခိုးလိုးခုလုကြီး' ဖြစ်ပြီးကျန်ခဲ့ကြတော့တာပေါ့ကွ "

" အ ဟ . . . အ ဟ . . . အ ဟ "

(ခ)

" ဘုရားအကြောင်းကနေ တခြားအကြောင်း ပြောင်းကြမယ် မူးသာတို့ လုံးတုံးတို့ရာ "

အဘစိမ်းမောင်က မျက်နှာသေကလေးနှင့် တောင်းဆိုလာပါလေ၏ ခင်ဗျာ။ သည်အ ကြောင်းဆက်ပြောနေလျှင် သူထပြန်တော့မည့်ပုံပါလေ။ ကျန် အရွှင်အဘတွေကား သက်တောင့်သက်သာ ပြုံးရယ်ကာ "အေးပါကွာ . . . ပြောကြတာပေါ့ " ဟုဆိုလေမှ အဘစိမ်းမောင့်မျက်နှာကြီးမှာ လင်းလာပါလေ၏။

" ဒါဆို ငါတို့တွေက ဘာအကြောင်းဆက်ပြောကြရမှာလဲဟ စိမ်းမောင်ရ "

" အဲ . . မင်းတို့က ' စာပေသမားတွေ ' ပဲဟာ၊ စာအကြောင်းပေအကြောင်းပဲဖြစ်ဖြစ် ပြောဆိုဆွေးနွေးကြပေါ့ ဟ "

" အေး . . . စိမ်းမောင် လမ်းကြောင်းချပေးတာ ကောင်းတယ်၊ ဒီတော့ ငါတို့တွေ စာ တွေ ကဗျာတွေအကြောင်း ပြောကြမယ် "

အရွှင်အဘတွေ၏မျက်နှာတွေမှာ တူညီတဲ့လျှို့ဝှက်အပြုံးငွေ့လေးတွေကို မြင်ရပါလေ၏။ အဘစိမ်းမောင်လည်း ဘာမသိညာမသိလိုက်၍ ပြုံးနေပါလေ၏။ ကျွန်ုပ်ဖေကြီးစိတ် ထဲမတော့ ဇာတ်လမ်းတစ်ခု အစပြု ပြီဟုအတွေ့အကြုံအရ မြင်နေရပါလေ၏။

အဘစောမူးသာက အွန်လိုင်းစာမျက်နှာတွေပေါ်က သူကြိုက်နှစ်သက်သည့်ကဗျာ တွေကို ကူးထားကာ အလွတ်ကျက်နိုင်တာ ကျက်ထားသည်ဟု အစချီတော့ အဘစိမ်းမောင်က

"အဲဒီအထဲကဟာလေးတွေ ရွတ်ပြပေါ့ကွာ " ဟု ပြောလိုက်ပါလေရာ အဘစောမူးသာ့ နှုတ်ခမ်းမှာ ပြုံးသွားပါလေ၏။

" အေး . . ဒီလို တောင်းဆိုသူရှိလာတော့လည်း  ရွတ်ပြရတာပေါ့ကွာ "

လည်ချောင်းရှင်း၏။ ရေနွေးတစ်ခွက်မော့၏။ ပြီးတော့ " ဆရာညီမင်းညို ရဲ့ ကဗျာလေးတပုဒ် စရွတ်မယ်ကွာ၊ ခေါင်းစဉ်က ' ငါးပါး အသစ် ' တဲ့ဟု ဆိုကာ ဘယ်သံဝါကြီးဖြင့် ပီသကြည်မြစွာ ရွတ်ပါလေတော့၏။

" ရေကို လျှံစေတယ်၊ မီးကို လောင်စေတယ် ၊ မင်းဟာ ခိုးသူ ၊ မင်းဟာ မချစ်မနှစ်သက်သောသူ အဲဒီမှာ  တိုင်းပြည်ပျက်တာပဲ . . . . . . "

" ဖြောင်းဖြောင်း ဖြောင်းဖြောင်း ဖြောင်း "

ရွတ်ဆိုမှုအဆုံးမှာ အားလုံးရင်ထဲ ထိခဲ့ကာလက်ခုပ်တွေပါ တိုင်ပင်မထားပဲ တီးမိခဲ့ကြ ပါလေ၏ ခင်ဗျာ။ အားလုံးနှင့်မတူသည့် အဘစိမ်းမောင်ကား သူတို့အဘ မအလလို ပါး စပ်ကြီးအဟောင်းသားနှင့် ကျောက်ရုပ်ကြီးဖြစ်သွားပါလေ၏။

(ဂ)

ပြီးတော့မှ အနည်းငယ်လှုပ်လာကာ "တခြားကဗျာလေးဘာလေး မရှိဘူးလား၊ တခြားက ဗျာလေးတွေ ရွတ်ကြပါအုံးကွ " ဟု အဘစိမ်းမောင်က လေပြေထိုးလာပြန်လေရာ အဘလုံး

တုံး၏ မျက်လုံးတို့မှာ လျှို့ဝှက်အပြုံးတစ်ခုကို ရုတ်တရက် မြင်လိုက်ရပါလေ၏။

" ကဲ ကဲ . . . မူးသာပြီးတော့ စစ်ပြန်ကြီးလုံးတုံးအလှည့်ပေါ့ကွာ . . . တခြားကဗျာလေး တပုဒ် ' လုပ် ' လိုက်တော့ "

" အင်းလေ . . . အခုလို သူခိုး ပီဘိ လုဓားပြအလကားကျော်စွာ ပန်းချီဆရာကြီးဆိုးပေက အနူးအညွတ်ကို တောင်းဆိုလာမှတော့ ငါကလည်း တစ်ပုဒ် လုပ်ရတော့မပေါ့ အော့ ဟော့ "

" နားဆင်ကြရတာပေါ့ကွာ "

ဤသို့ဖြင့် သူ၏ဖုန်းထဲမှာ သိမ်းထားရာ ကဗျာများစွာထဲမှ ကဗျာဆရာ ' လရောင်လွှမ်း ' ၏ ကဗျာလေးကို အသံနေအသံထား ဋ္ဌာန်ကရိုဏ်း ကျစွာ ရွတ်ပြပါလေတော့၏ ခင်ဗျာ။

" မျက်ရည်တွေ

အရည်ကျိုသွန်းလုပ်လို့

ဒီခေါင်းလောင်းကို

ဘယ်သူတီးတီး

ငိုညည်းသံ ထွက်မှာပဲ။

အရိုးအထောင်အသောင်း

ထည့်မြှုပ်ပြီး

ခင်းထားတဲ့ ဘုရားရင်ပြင်

ဖြတ်နင်းသွားသူတိုင်း

တစ်သံသရာလုံး

အသည်းအူ ပူမတတ်

နာကျင်ခံစားရမယ်။

ဘုရားကို

ကပ်လှူ ပူဇော်ထားတဲ့သင်္ကန်း

ကျဆုံးခဲ့ရသူတွေရဲ့

အရေပြားကိုဆုတ်

ချုပ်စပ်ထားတာ။

ဒီဘုရားမှာ

ပုတီးစိတ်သူတွေ

ပုတီးတစ်လုံးချတိုင်း

အလောင်းတလောင်း

သေဆုံးခဲ့ရသူအပေါင်းရဲ့မျက်နှာတွေ

အာရုံမှာထင် မမြင်ချင်လို့မရဘူး။

ကပ်လှူ သမျှ

ပန်းနံ့သာအမွှေးတိုင်တွေ

ဘာရနံ့မှမမွှေး

သွေးညှီနံ့တွေသာ

လေထဲမှာ အပြည့်။

ထွန်းညှိပူဇော်ထားတဲ့ ဆီမီးကတဆင့်

မြို့ရွာတွေကိုရှို့ခဲ့တဲ့ မီးအထိမြင်

လောင်မြိုက်စေတဲ့ ဒီမီးအပူကနေ

ဘဝဆက်တိုင်း မလွတ်ကြပါစေနဲ့။

သွေးစွန်းနေတဲ့

သူယုတ်မာလက်နဲ့

အနေကဇာတင်တဲ့ဘုရား

ဖုတ် ပြိတ္တာ သူရဲ သူဘက်ကလွဲလို့

ဘယ်နတ်ကောင်းနတ်မြတ်မှ

စောင့်ကြပ်မှာမဟုတ်ဘူး။

လူ့အသက်ပေါင်းများစွာ

သတ်ဖြတ်ခဲ့သူ

တည်ထားတဲ့ဘုရား

ဒီဘုရားကိုဖူးသူတွေ

သာဓုခေါ်သံအစား

ဝိဉာဉ်အော်သံတွေ

ကြားရပါစေ . . . "

ကဗျာကား ကြက်သီးထဖွယ်ရာ။ အဘစိမ်းမောင်ကား ထပြေးသွားပါလေပြီ။ ကဗျာလေး၏ ခေါင်းစဉ်ကို ကဗျာရွတ်ပြီးမှ ငါပြောပြမယ်ဟု အဘလုံးတုံးက ပြောထား လေရာ ' မအလဘုရား ကျိန်စာ ' ဆိုတာကို အဘစိမ်းမောင် သိမသွားရှာပါ။ ။

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013