
မနေ့က ကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျပန်အသင်းက ပြိုင်ပွဲကနေ ထွက်လိုက်ရတာကြောင့် အခုနှစ်ပြိုင်ပွဲမှာ တကြိမ်တခါမှ ဗိုလ်မစွဲဘူးတဲ့ ချန်ပီယံအသင်း အသစ်ထွက်ပေါ်လာတော့မှာပါ။
ချန်ပီယံဟောင်း ဂျပန်အသင်းက ဆွီဒင်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ပြီးနောက် လက်ရှိပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်ဖူးသေးတဲ့ အသင်းတွေပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းက ချန်ပီယံလေးကြိမ် ရရှိခဲ့ပေမဲ့ အခုနှစ်ပြိုင်ပွဲမှာ ဆွီဒင်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာပါ။
ချန်ပီယံဟောင်းဖြစ်တဲ့ ဂျာမနီအသင်းက အုပ်စုအဆင့် ကနေ ထွက်ခဲ့ရပြီး နော်ဝေအသင်းဟာလည်း ၁၆ သင်းအဆင့်မှာကတည်းက ဂျပန်ကိုရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်အဆင့်မှာ စပိန်နဲ့ ဆွီဒင်တို့ တွေ့ဆုံနေပါတယ်။ တစ်ဖက်မှာတော့ ပြင်သစ်နဲ့ သြစတြေးလျပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ အင်္ဂလန်နဲ့ ကိုလံဘီယာပွဲစဉ်မှာ အနိုင်ရတဲ့အသင်းတို့က ဆီမီးဖိုင်နယ် ကစားသွားရမှာဖြစ်ပါတယ်။










