ခရစ္စတယ်ပဲလေ့စ်အသင်း ဥက္ကဋ္ဌ စတိဗ်ပဲရစ်ရှ်ဟာ ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမှာ ရာယိုဗယ်လက်ကာနိုကို မာတေတာရဲ့ သွင်းဂိုးနဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပြီးနောက် နော်တင်ဟမ်ဖောရက်စ်နဲ့ ယူအီးအက်ဖ်အေတို့ကို ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ပဲလေ့စ်ဟာ ရာသီအစက ကလပ်အသင်းပိုင်ဆိုင်မှု စည်းမျဉ်းကြောင့် ယူရိုပါလိဂ်ကနေ ဖယ်ထုတ်ခံခဲ့ရပြီး အဲဒီနေရာကို ဖောရက်စ်က ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပဲရစ်ရှ်က အခုလို ဖလားရခဲ့တာဟာ မတရားမှုတွေကြားက အဆုံးသတ်မှာ လူကောင်းတွေပဲ နိုင်လေ့ရှိကြောင်း သက်သေပြခဲ့တာလို့ ဆိုပါတယ်။
ပဲလေ့စ်ဟာ ကွန်းဖရင့်လိဂ်ဖလားရခဲ့လို့ လာမဲ့ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ကို ထိုက်ထိုက်တန်တန် ပြန်ရခဲ့ပြီဖြစ်ပြီး အသင်းကို ဖလား ၃ လုံးရအောင် ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြ ဂလတ်စနာအတွက်လည်း အကောင်းဆုံး နှုတ်ဆက်ခြင်း ဖြစ်ခဲ့ပါတယ်။










