စပိန်ဘောလုံးအသင်းဟာ ၁၆ နှစ်အကြာမှာ ဒုတိယအကြိမ် ကမ္ဘာ့ချန်ပီယံ ထပ်ဖြစ်လာပြန်ပါပြီ။ အောင်ပွဲဟာ သူတို့ ဂျာစီပေါ်က ဒုတိယမြောက် ကြယ်ပွင့်တင်ခွင့်ရတာထက် ပိုပြီးလေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနေပါတယ်။
စပိန်ဟာ အမျိုးသားအသင်းက ကမ္ဘာ့ဖလား၊ ဥရောပ ဖလား၊ အမျိုးသား အိုလံပစ်ဘောလုံးရွှေတံဆိပ်နဲ့ အမျိုးသမီး ကမ္ဘာ့ဖလားတွေကို တချိန်တည်းမှာ ကိုင်စွဲထားနိုင်တဲ့ ဘောလုံးကမ္ဘာရဲ့ အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်လာပါပြီ။
ဒေသစံတော်ချိန် ဇူလိုင် ၁၉ ရက်က နယူးဂျာစီမှာ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဖာရန်တောရက်စ်က ပွဲကစားချိန် ၁၀၆ မိနစ်မှာ အဆုံးအဖြတ်ဂိုး သွင်းယူပေးခဲ့ပြီး တဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဂိုးအသာရမှု ကျဉ်းမြောင်းပေမဲ့ ကစားပုံမှာတော့ အဘက်ဘက်က အလုံးစုံ အသာစီးရခဲ့တာ ဖြစ်ပါတယ်။
စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၂၀ နဲ့ ပေးပို့မှု ၈၅၂ ကြိမ်အထိ အောင်မြင်ခဲ့ပါတယ်။
အာဂျင်တီးနားကတော့ ပေးပို့မှု ၄၆၄ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ပုံမှန်ကစားချိန် မိနစ် ၉၀ မှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု တကြိမ်မှ မရှိခဲ့ပါဘူး။ ၁၁၇ မိနစ်ရောက်မှ လီယွန်နယ်မက်ဆီက သူတို့ရဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂိုးသမား အီမီလီယာနို မာတီနက်ဇ်က အာဂျင်တီးနားအသင်း ဂိုးမပြတ်စေဖို့အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲ စံချိန်တင် ကာကွယ်မှု ၁၁ ကြိမ်အထိ လုပ်ပြခဲ့ရပါတယ်။
အာဂျင်တီးနားဟာ ခံစစ်ကို အသေအချာပိတ်ကစားခဲ့ပြီး စပိန်ရဲ့ ကစားကွက်ကို ဖျက်ဖို့ ကြိမ်ဖန်များစွာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ အန်ဇို ဖာနန်ဒက်ဇ် အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ သူတို့ ၁၀ ယောက်တည်း ကျန်ခဲ့သလို ပွဲပြီးခရာမှုတ်ချိန်မှာလည်း ဒေါသတကြီး အချင်းများမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ စပိန်ကတော့ သူတို့ရဲ့ ကစားဟန်၊ စိတ်ရှည်သည်းခံမှုနဲ့ ရည်မှန်းချက်ကို လုံးဝ အပျောက်မခံခဲ့ပါဘူး။ စပိန်အသင်းခေါင်းဆောင် ရိုဒရီဟာ ကွင်းလယ်ကို ထိန်းချုပ်ပြီး ပေးပို့မှု ၁၀၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ် စပိန်နောက်ခံလူ ပေါင် ကူဘာစီ ကတော့ ပေးပို့မှု ၁၂၁ ကြိမ်နဲ့ ဗိုလ်လုပွဲမှာ အများဆုံးစံချိန်တင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
စပိန် ဂိုးသမား အူနိုင်းဆီမွန်က ၈ ပွဲကစားရာမှာ ၇ ပွဲ ဂိုးမပေးရဘဲ တဂိုးတည်းသာ ခွင့်ပြုခဲ့ရလို့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးသွားပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားဗိုလ်စွဲတဲ့အသင်းတွေထဲမှာ ပေးဂိုးအနည်းဆုံးစံချိန်လည်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ စပိန်အသင်းရဲ့ အောင်ပွဲကို ဘောလုံးအားကစားအတွက် အောင်ပွဲလို့ တင်စားနိုင်တာ ဖြစ်ပါတယ်။ အာဂျင်တီးနားက အကြိတ်အနယ် ခုခံနိုင်ခဲ့လို့ အချိန်ပိုအထိ ရောက်သွားခဲ့တာပါ။ ဂိုးသမား မာတီနက်ဇ်ဟာလည်း တကယ်ကို လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တသင်းတည်းကသာ ဘောလုံးကို အပြည့်အဝထိန်းချုပ်ပြီး အခွင့်အရေးတွေ ဖန်တီးကာ တိုက်စစ်ကစားဟန်နဲ့ အနိုင်ရဖို့ ကြိုးစားသွားခဲ့တာ ဖြစ်ပါတယ်။
စပိန်ရဲ့ အောင်မြင်မှုဟာ အစပြုရုံပဲ ရှိပါသေးတယ်။ လာမိန်း ယာမယ်ဟာ သမိုင်းတလျှောက် တတိယမြောက် အသက်အငယ်ဆုံး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာသလို ကူဘာစီ ကလည်း အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။
ပြီးတော့ စပိန်လက်ရွေးစင်အသင်းကြီးဟာ ဥရောပစံချိန်အဖြစ် ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင်ထားပါတယ်။ ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ သူတို့ဟာ ကိပ်ဗာဒီကို ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တုန်းကလိုပဲ စပိန်ဟာ သူတို့ရဲ့ ကစားဟန်ကို အပြည့်အဝ ယုံကြည်ခဲ့ပါတယ်။
တနည်းပြောရရင် စပိန်ဟာ ငွေနောက်လိုက်လွန်းပြီး စီးပွားရေးဆန်လွန်းလာတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အငြင်းပွားဖွယ်ရာ ဒိုင်လူကြီးဆုံးဖြတ်ချက်တွေ၊ နိုင်ငံရေးစွက်ဖက်မှုတွေကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကယ်တင်လိုက်တာလည်း ဖြစ်ပါတယ်။
အကောင်းဆုံးအသင်း ချန်ပီယံဖြစ်တယ်ဆိုတဲ့ အများကျေနပ်လက်ခံနိုင်တဲ့ ရလဒ်တခုနဲ့ ပြိုင်ပွဲကို အဆုံးသတ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဥရောပချန်ပီယံ၊ အိုလံပစ်ချန်ပီယံ၊ အမျိုးသမီးကမ္ဘာ့ချန်ပီယံ အခုတော့ နောက်တဖန် အမျိုးသားကမ္ဘာ့ဖလားချန်ပီယံ စပိန်ဟာ လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ အငြင်းပွားဖွယ်မရှိတဲ့ ချန်ပီယံစစ်စစ် ဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။











