မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲတွေကို ကူညီဖြေရှင်းဖို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ (MHF)အတွက် ဂျာမနီနိုင်ငံက ယူရိုငွေ ၄ သန်းခွဲ ထောက်ပံ့လိုက်ပါတယ်။
ဂျာမနီက MHF အတွက် ၂၀၂၃ ခုနှစ်မှာ အများဆုံးထောက်ပံ့တဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ယူရို ၄ ဒသမ ၅ သန်းအထိ ထောက်ပံ့ထားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးအကြီးအကဲ ယောက်ခ်ရှူးဂရပ်ဖ်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ယာယီအကြီးအကဲဖြစ်သူ ဒန်နယ်လီ ပယ်ရီတို့ဟာ မကြာသေးခင်က တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံတွင်း တစတစ တိုးမြင့်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေထံ ရောက်ရှိစေဖို့ ရန်ပုံငွေတွေကို အကျိုးရှိရှိ စီမံအသုံးချမယ်လို့ နှစ်ဦးစလုံးက ဆွေးနွေးပွဲမှာ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (MHF) ကို ဂျပန်၊ အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ တို့ကလည်း ရန်ပုံငွေ အများဆုံး ထောက်ပံ့ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၉ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ UNOCH က ထုတ်ပြန်ထားပါတယ်။