DVB Logo
Home
မြန်မာသတင်း
တနိုင်းမြို့ပေါ်တွင် ပယင်းနှင့်‌ ရွှေမှော်ကျင်းသား ထောင်ချီ သောင်တင်နေ
DVB
·
August 11, 2023
တနိုင်းမြို့ပေါ်တွင် ပယင်းနှင့်‌ ရွှေမှော်ကျင်းသား ထောင်ချီ သောင်တင်နေ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ ပယင်းမှော်နဲ့ ရွှေမှော်ဒေသက ကျင်းသားလုပ်ကိုင်သူ ထောင်နဲ့ချီ မြို့ပေါ်မှာ သောင်တင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရှားပါး ပယင်းထွက်ရှိရာ တနိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က တရားဝင် စာထုတ်ထားတာ မရှိပေမဲ့ ဇူလိုင်လကုန် နောက်ဆုံး မှော်ဒေသတွေက ထွက်လာဖို့ ပြောဆိုထားတဲ့အပြင် စက်သုံးဆီအဝင် ပိတ်ဆို့ထားတဲ့အတွက် ကျင်းသားတွေ စိုးရိမ်ထိတ်လန့်ပြီး မြို့ပေါ်ကို လူထောင်ချီ ရောက်လာကြတာပါ။

ရွှေလုပ်ငန်းမှာ လုပ်ကိုင်နေသူတဦးက “လုံခြုံရေးအတွက် အာမခံချက်ကတော့ ဘယ်တုန်းကမှ မရှိပါဘူး။ ခုလို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားထွက်ဖို့ မပြောရင်တောင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် အလုပ်လုပ်လို့မရသေးမယ့်အတူတူ မြို့ပေါ် စနည်းနာ လာနေရတာပဲ” လို့ ပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတဦးကလည်း “သတင်းတွေ အဆင်မပြေလာကတည်းက မြစ်ကြီးနားကို ပြန်ခဲ့တာ ၃ လ လောက်ရှိပါပြီ။ ဟိုးအရင်နှစ်တွေကလို စက်လှေဂိတ်တွေမှာ ပိတ်မိပြီး လဝကနဲ့ ဘာနဲ့ အစစ်အဆေး တင်းကျပ်ရင် ကလေးနဲ့ မိသားစုနဲ့ဆို အရမ်းဒုက္ခရောက်မှာ” လို့ ပြောပါတယ်။

ကျင်းသားတွေကလည်း မှတ်ပုံတင်မရှိတဲ့သူတွေ ပါဝင်တာမို့ ဆီစျေး အရမ်းတက်သွားကတည်းက ပြန်ခဲ့တာလို့လည်း သူမက ဆိုပါတယ်။

အဓိက မထွက်မနေရထဲမှာ ပါတာက ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၂၊ တပ်ရင်း ၄၃ နယ်မြေတွေထဲပါနေတဲ့ ပယင်းမှော်နဲ့ ရွှေမှော်တွေ ဖြစ်ပါတယ်။

နမ့်ကဝပ် လပူခ ပယင်းမှော်တွေက ထွက်လာသူတွေဟာ တည်းခိုခန်း ဘုရားကျောင်းတွေ ဆွေမျိုးတွေရှိတဲ့ နေရာတွေမှာ ခိုလှုံနေကြရတာပါ။

မှော်ထဲပြန်ဝင်ဖို့ စက်သုံးဆီပြန်တင်သွင်းခွင့်ရဖို့က မှော်ဒေသနေ ပြည်သူတွေနဲ့ ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တလျှောက်က ပြည်သူတွေရဲ့ ဆန္ဒဖြစ်ပေမဲ့ စစ်တပ်က တောင်းခံလာမဲ့ အကျိုးအမြတ် ဒါမှမဟုတ် လုပ်ငန်းရှင်တွေဆီက ငွေကြေးတစုံတရာ အတိုင်းအတာ တခုခုကြောင့်ဖြစ်သလို တပ်သစ်တည်တဲ့ အစီအစဥ်တွေကို အလွယ်တကူ အနှောင့်အယှက် မပေးနိုင်အောင် လုပ်နေတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

“ပယင်း မတူးရင်လည်း ကျနော်တို့ဒေသမှာ တခြား ဝင်ငွေရလုပ်ငန်း ဘာမှမရှိပါဘူး။ တနှစ်ကဆို ပယင်းတူးနေရင်း ကျနော်တို့ နာဂလူငယ်တယောက် အပေါ်က ကြိုးနဲ့ဆွဲတဲ့ဟာ ပြုတ်ကျလို့ ပယင်းတွင်းထဲမှာ သေတယ်။ ပြေးဆိုရင်ပြေး ရှောင်ဆိုရင် ရှောင်ရတာပဲ” လို့ နာဂလူငယ်တဦးက ပြောပါတယ်။

ပယင်းမှော်တခုက ပြန်ထွက်လာတဲ့ နာဂလူငယ်တဦးက “ဆက်နေဖို့ကလည်း မလွယ်၊ ရွာကို ပြန်ရအောင်ကလည်း ရှင်ဗွေယန် နန်းယွန်းလမ်းတွေက အရမ်းဆိုးတယ်။ ခု လမ်းမပေါက်ဘူး ဆိုတော့ ကျနော်တို့ အရမ်းဒုက္ခရောက်ရပါတယ်” လို့ ပြောပါတယ်။

မှော်ထဲကိုပြန်ဝင် လုပ်ငန်းတွေ ဆက်လုပ်ဖို့ဖြစ်စေ စက်သုံးဆီ တင်သွင်းဖို့ဖြစ်စေ ပြည်သူတွေ ဒုက္ခရောက် အကျပ်အတည်းတွေ့နေရကာ စက်သုံးဆီ တဂါလံ ၄ ​သောင်း၊ တပေပါ ၁၀ သိန်းက ဇွန်လကတည်းက ရောက်သွားတဲ့စျေးဖြစ်ပြီး စစ်တပ်နဲ့နီးစပ်တဲ့သူတွေက ကိုယ်စားလှယ်ယူ ရောင်းချပေးနေတာမို့ သောင်တင်နေကြတဲ့ ပြည်သူတွေနဲ့ တနိုင်း ရှင်ဗွေယန် နန်းယွန်း ပန်ဆောင်ဒေသတွေထိ ရိုက်ခတ်မှု ရှိနေမှာ ဖြစ်တဲ့အကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013