DVB Logo
Home
မြန်မာသတင်း
ရွှေမှော်၊ ပယင်းမှော်ဒေသရှိ နွယ်ဂျယ်ဘွမ့် တပ်စခန်းကို KIA သိမ်းပိုက်
DVB
·
April 18, 2024
ရွှေမှော်၊ ပယင်းမှော်ဒေသရှိ နွယ်ဂျယ်ဘွမ့် တပ်စခန်းကို KIA သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်၊ ပယင်းမှော်ဒေသတွေထဲက နွယ်ဂျယ်ဘွမ့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရှင်းလင်းလိုက်ပြီးတဲ့နောက် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတယ်လို့ KIO/KIA သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ကချင်ပြည်နယ်ထဲက ဖားကန့်၊ ဆော့လော်၊ တနိုင်းနဲ့ မိုးမောက်ဘက်တွေမှာ ဆက်လက် စစ်ရေးတင်းမာနေပြီး KIA ဘက်က စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဧပြီ ၁၇ ရက် မနက်ပိုင်းမှာတော့ KIA ရဲ့ တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေဖြစ်တဲ့ ပယင်းမှော်ထဲက နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA က ရှင်းလင်းလိုက်ပြီးနောက် တနိုင်းမြို့နယ်ထဲမှာ ၂ ခုမြောက် သိမ်းပိုင်နိုင်တဲ့ တပ်စခန်းဖြစ်လာပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဒီလဆန်းပိုင်းလား မသိဘူး၊ နမ့်ကောန့်ဆိုတဲ့စခန်းကို သိမ်းတာရှိတယ်။ မနေ့ကတော့ အဲဒီ နွယ်ဂျယ်ဘွမ့်ဆိုတဲ့ တပ်စခန်းသိမ်းတာ။ အဲဒီရွှေမှော်၊ ပယင်းမှော်ဘက်မှာကတော့ အဲဒီတပ်စခန်း ၂ ခု သိမ်းတာရှိပါတယ်။ အခုလည်း ဘယ်လောက်ကျန်တယ်ဆိုတာတော့ တချို့တွေက ပို့စ်ငယ်လေးတွေလည်းရှိမှာပါ။ တချို့တွေကတော့ နည်းနည်းဗျူဟာကျတဲ့ တပ်ကုန်းတွေလည်း ရှိမှာပါ။ ကျန်ပါတယ်၊ သူတို့လည်း တပ်စွဲထားတဲ့ တော်တော်များများရှိပါတယ်။ ရွှေမှော်ဘက်မှာ”လို့ ပြောပါတယ်။

အခု KIA ကသိမ်းပိုက်လိုက်တဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းဟာ ၂၀၁၅ ခုနှစ်ထဲက စစ်တပ်ဘက်ကနေ ရာချထားပြီး ပယင်းမှော်တခုလုံးကို ထိန်းချုပ်ထားတဲ့တပ်စခန်း ဖြစ်ပါတယ်။

လေကြောင်းပစ်ခတ်မှုတွေကြားကနေ စခန်းသိမ်းတိုက်ပွဲကို ၁၀ နာရီဝန်းကျင်ကြာ တိုက်ခိုက်ခဲ့ရကြောင်း ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြကြပါတယ်။

တနိုင်းမြို့ခံတယောက်ကတော့ အခု KIA ကသိမ်းလိုက်တဲ့စခန်းမှာ စစ်ကောင်စီတပ်အင်အား တပ်စု တစ်စု စာလောက်ပဲရှိမယ်လို့ ခန့်မှန်းပါတယ်။

တနိုင်းမြို့ခံရပ်မိရပ်ဖတဦးက “တရုတ်လုပ်ကွက်နားက၊ ရပ်ကွက် (၂) နားလေးကလို့ပဲ သိထားရသေးတာ။ မှော်ကလူတွေကတော့ ဒီလိုပဲ ဘေးလွတ်ရာ တိမ်းတယ်၊ မြို့ပေါ်လည်း တက်လာတယ်။ ဒီလောက်ပဲ သိထားရတယ်။ မြို့နဲ့ကျတော့ နည်းနည်းလေးကွာတယ်လေ။ လောလောဆယ် ကျနော်တို့ မြို့နားဝဲရာမှာတော့ မဖြစ်သေးဘူးဗျ၊ မြို့ပေါ် လက်ရှိအနေအထားကတော့ ပုံမှန်အနေအထားမှာပဲ ရှိပါတယ်။

တနိုင်းမြို့နယ်၊ ရွှေမှော်၊ ပယင်းမှော်တွေထဲက နမ့်ကောန့်နဲ့ လွယ်ဂျယ်ဘွမ့်တပ်စခန်း ၂ ခုကို KIA က အခုလမှာ သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေကို နားထောင်ပြီး လုံခြုံမယ့်နေရာတွေကို ပြင်ဆင်ထားကြဖို့ကို ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းပါတယ်။

ကချင်ပြည်နယ်၊ ဆော့လော်ဘက်မှာလည်း ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တို့ တပ်စွဲထားတဲ့ တပ်စခန်းတချို့ကို KIA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာမှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာဘက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး မိုးမောက်မြို့နယ်ဘက်မှာလည်း ဆက်လက် စောင့်ကြည့်နေရတဲ့ အနေအထားလို့ ဆိုပါတယ်ခင်ဗျာ။

စိုးသူအောင် / ဓာတ်ပုံ - KIA ယခင်ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013