Home
မြန်မာသတင်း
ရိုဟင်ဂျာငါးဖမ်းသမား  ၆ ဦး ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ 
DVB
·
August 11, 2023
365981784_1449289922533179_7769642703826395361_n

ငါးဖမ်းစက်လှေနစ်မြုပ်ပြီး အသက်ဘေးက လွတ်မြောက်လာကြတဲ့ ရိုဟင်ဂျာ ရေလုပ်သား  ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ မောင်တောမြို့နယ် တရားရုံးက သြဂုတ် ၁၀ ရက်နေ့မှာ  (လဝက) အက် ဥပဒေပုဒ်မ ၁၃(၁)(ခ)နဲ့  ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီး    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြင်းလွှတ်ကမ်းခြေမှာ သောင်တင်လာခဲ့ရာမှာ အသက်ဘေးက လွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၆ ယောက် ဖမ်းဆီးအရေးယူခံရတာပါ။  

မောတောဒေသခံ ရိုဟင်ဂျာတဦးက “ ဘင်္ဂလားငါးဖမ်းလှေတစ်စီး ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ည ပိုင်းမှာ မိုးသက်လေပြင်းကျတာကြောင့် ငါးဖမ်းလှေ နှစ်မြပ်ပြီး မောင်တောမြို့နယ် မြင်းလွှတ်ကမ်းခြေမှာသောင်တင်လာခဲ့ကြတာ။  သြဂုတ်လ  ၁ ရက်နေ့မှာ သူတို့ ၆ ဦးက မြင်းလွှတ် နခခ(၈)ကို သွားရောက်အဖမ်းခံခဲ့ကြတယ်။ ဒါပေမဲ့ တရားရုံးက ငွေပေးနိုင်မယ့် အနေအထားမရှိတာကြောင့် အမှုကို  ဘာမှမစစ်ဆေးဘဲ တရက်တည်းရုံးတင်တာနဲ့  ထောင်ဒဏ် ၅ နှစ်ချလိုက်တာ။ ဘယ်လိုမှမတရားဘူး” လို့ ပြောပါတယ်။

ရိုဟင်ဂျာ ၆ ဦးကို  (လဝက) အက်ဥပဒေပုဒ်မ ၁၃(၁)(ခ)နဲ့ အလယ်သံကျော်နယ်မြေစခန်းမှာ အမှုဖွင့်လှစ်ပြီး သြဂုတ်လ ၁၀ရက်မှာ မောင်တောမြို့နယ်တရားရုံးက ရုံးတင်တဲ့ ပထမဆုံးနေ့မှာ အမှုကိုသေသေချာချာ စစ်ဆေးမှုမရှိဘဲ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တာပါ။

အဆိုပါရိုဟင်ဂျာတွေနဲ့နီးစပ်သူတဦးက "မြို့နယ်တရားရုံးက ကျနော်တို့ကိုလာမေးတယ်။ ငွေပေးနိုင်မလား၊ အမှုကိုဆက်လိုက်နိုင်မလားလို့မေးတယ်။ သူတို့ ၆ ဦးရဲ့ မိသားစုတွေကလည်း  ဘင်္ဂလားမှာရှိနေတာ။ ကျနော်တို့က ပြောလိုက်တယ်၊ လိုက်မယ့်သူမရှိဘူးဆိုတော့ အမှုကိုဘာမှ မစစ်ဆေးဘဲ ထောင်ဒဏ် ၅ နှစ်စီချလိုက်တာ"လို့ ပြောပါတယ်။

ဒီအမှုကို တစ်စုံတရာ မစစ်ဆေးဘဲအခုလို တရက်တည်းနဲ့ အမိန့်ချမှတ်လိုက်တာဟာ လုံးမတရားဘူးလို့  မောင်တောဒေသခံ ရိုဟင်ဂျာလူကြီးတစ်ယောက်က ပြောပါတယ်။

"တရားမျှတမှုလုံးဝမရှိဘူး။ ဒီနေ့ဘဲ တရားရုံးကိုတင်တယ်။ ဒီနေ့ပဲ ထောင်ဒဏ်ချမှတ်လိုက်တယ်။ တရားစွဲဆိုထားတာမရှိသေးဘူး။ အမူဖွင့်ထားတာပဲ ရှိတာ။ အခုက ငွေမရမှာ သိလို့ တရားစွဲတင်တာမရှိဘဲ့ အမှုကို ဆုံးဖြတ်လိုက်ကြတာ။”

ဖမ်းဆီးအရေးယူခံရသူတွေဟာ ကိုတန်ကောက်ကျေးရွာက ဟာရီမူလ္လာ (၅၀) နှစ်၊ ဆာလ်မျှာ (၅၅) နှစ်၊ ဒီလ်မာမတ်(၄၀) နှစ်၊ အေနာမူလ္လာ(၃၂ )နှစ်၊ ကော်ရီမူလ္လာ(၄၅) နဲ့ မြင်လွှတ်ကျေးရွာမှ ဂျော်ဘူအုလ္လာ(၅၀)နှစ်တို့ ဖြစ်ကြပြီး သူတို့မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာနဲ့ မြင်းလွှတ် ကျေးရွာတွေမှာ နေထိုင်ခဲ့ကြတဲ့  အိမ်ထောင်စု အထောက်အထားတွေလည်း ရှိပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ရေလုပ်သား ၆ ဦးဟာ ၂၀၁၇ ခုနှစ် အကြမ်းဖမ်းဖြစ်စဥ်မှာ  မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွားခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံက  ငါးဖမ်းစက်လှေတွေမှာ အငှါးလိုက်နေကြတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းရေးကို အကြောင်းပြုပြီး ထွက်ပြေးခဲ့ရသူတွေအနေနဲ့ မြန်မာပြည်ထဲကို  ပြန်ဝင်လာဖို့  ခရိုင်နဲ့ မြို့နယ် ထွေအုပ်ကို သိန်းရာချီပေးပြီးမှ  ပြန်ဝင်ခွင့်ရတာရှိတယ်လို့ မောင်တော ဒေသခံရိုဟင်ဂျာ အသိုက်အဝန်းထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024