Home
မြန်မာသတင်း
ပဲခူးတွင် ရေကြီးပြီး ရန်ကုန်-မန္တလေးလမ်းနှင့် အနိမ့်ပိုင်းရှိ နေအိမ်များ ရေမြုပ်
DVB
·
August 10, 2023

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့ အနိမ့်ပိုင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ နေအိမ်တချို့ သြဂုတ် ၁၀ ရက် ဒီနေ့မနက်ကစပြီး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပဲခူးမြို့ရှိ ခေါင်းဆေးကျွန်းနဲ့ အဝေးပြေးဝင်းအနီးတဝိုက်မှာ ရေနစ်မြုပ်မှု စတင်ကြုံနေရတာဖြစ်ပြီး ကားအသေးတွေ ဖြတ်သန်းသွားလာဖို့ အဆင်မပြေတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မဟာမြိုင်လမ်းဆုံအနီး နေထိုင်တဲ့ ဒေသခံတဦးက “လမ်းမပေါ်ဆို ကားကြီးတွေပဲ သွားဖို့လွယ်တယ်။ အနိမ့်ပိုင်းအိမ်တွေတော့ တော်တော်မြုပ်သွားတယ်။ ကူညီကယ်ဆယ်ရေးတွေလည်း အဆင်သင့် ပြင်ဆင်နေကြတယ်” လို့ ပြောပါတယ်။

ပဲခူးမြို့မှာ ၂၀၁၅ မတိုင်ခင်အချိန်က ရေနစ်မြုပ်မှု မကြာခဏ ဖြစ်လေ့ရှိပြီး အခုလို ရေမကြီးတာဟာ နှစ်နဲ့ချီ ကြာနေပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတဦးက “၇ နှစ်၊ ၈ နှစ်လောက်ရှိပြီ ရေမမြုပ်တော့တာ။ အခုက မိုးလည်းကောင်းတယ်၊ မြစ်ရေလည်း တက်တော့ တကျော့ပြန်ရေမြုပ်တာ။ အပေါ်ပိုင်းနေရာတွေကတော့ အခြေအနေ ကောင်းနေသေးတယ်” လို့ ပြောပါတယ်။

အရင်က ပဲခူးမြို့မှာ ရေကြီးမှု မကြာခဏ ဖြစ်ခဲ့ဖူးသလို ရေနစ်မြုပ်တဲ့အရပ်က ပြည်သူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပေးရတဲ့ အစဥ်အလာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်မှာ  ရေကြီးဖြစ်နေသလို မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာလည်း တောင်ပြိုပြီး လမ်းပိုင်းနှစ်နေရာ ပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024