
နွေဦးတော်လှန်ရေးကာလ ပညာသင်ယူဖို့ အခက်ခဲရှိနေတဲ့ မြန်မာနိုင်ငံတဝန်းက CDM ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေ အခမဲ့ပညာသင်ယူနိုင်ဖို့ ကံ့ကော်လေးကျောင်းမှာ သြဂုတ် ၅ ရက်က စတင်ပြီး ကျောင်းသားတွေ ကျောင်းအပ်လက်ခံနေပါတယ်။
CDM ကျောင်းသား၊ ကျောင်းသူတွေ ငွေကြေးကြောင့် စိတ်သောက မရောက်ဘဲ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ထားပြီး ကရင်နီဒေသ၊ ကယန်းသမီးပျိုများ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ (KPIST)၊ မြေပြင်ကျောင်း ၁၂ ကျောင်းတို့ ပူးပေါင်းကာ ကံ့ကော်လေး ပညာရေးအခမဲ့ အွန်လိုင်းကျောင်းကို ဖွင့်လှစ်တာလို့ အဆိုပါကျောင်းရဲ့ တာဝန်ရှိ ဆရာမတစ်ဦးက ပြောပါတယ်။
“လက်ရှိ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းလုံးဝမတက်နိုင်တဲ့ ကလေးတွေရှိတယ်။ ယုတ်စွအဆုံး အလှူငွေလည်း မတတ်နိုင်၊ ဒေတာဖိုးတောင် မတတ်နိုင်တဲ့ ကလေးတွေ၊ ပညာသင်ယူချင်စိတ်ရှိပေမဲ့ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။”
မြန်မာတနိုင်ငံလုံးက CDM ကျောင်းသူ ကျောင်းသားတွေကို သြဂုတ် ၅ ရက်မှ ၁၀ ရက်အထိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆိုပြီး သုံးခုဖွင့်လှစ်ပြီး ကျောင်းအပ် လက်ခံနေတယ်လို့ သိရပါတယ်။
ကံ့ကော်လေးကျောင်းမှာ စာသင်ကြားမယ့် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေကိုလည်း သြဂုတ် ၁ ရက်မှ ၈ ရက်အထိ လျှောက်ထားခွင့်ပြုခဲ့ပြီး လာရောက်လျှောက်ထားသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
ကံ့ကော်လေးကျောင်းမှာ စာသင်ကြားမယ့် ဆရာ၊ ဆရာမတွေအနေနဲ့လည်း အခကြေးငွေမယူဘဲ အခမဲ့အွန်လိုင်းကနေသင်ကြားပေးမှာဖြစ်လို့ အင်တာနက် အခက်အခဲ၊ Zoom အခက်ခဲ ၊ ပညာသင်ဖို့ ဒေတာဖိုး မတတ်နိုင်တဲ့ ကလေးတွေအတွက် ပညာသင်ဆုအနေနဲ့ ဆုချီးမြှင့် ပေးချင်တယ်လို့ သိရပါတယ်။
အခမဲ့ပညာသင်ကြားမှာဖြစ်လို့ အလှူငွေကောက်ခံမှာ မဟုတ်သလို ကျောင်းအတွက် ထောက်ပံ့ ကူညီပေးမယ့်သူတွေ လိုအပ်နေပြီး သင်ထောက်ကူပစ္စည်းတွေပါ အစစ လိုအပ်နေတယ်လို့ သိရပါတယ်။
ကံ့ကော်လေးကျောင်းကို NUG ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး အောင်မြင်သွားတဲ့ ကျောင်းသားတွေကို ကျောင်းက သင်တန်းတွေ၊ GED သင်ခန်းစာတွေနဲ့ ပညာသင်ဆုပေးဖို့ထိ စဥ်းစားထားတယ်လို့ ဆိုပါတယ်။










