DVB Logo
Home
မြန်မာသတင်း
တမူးမြို့တွင် စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
August 9, 2023
တမူးမြို့တွင် စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
1 / 2
Donate to DVB

စစ်ရေးအခြေအနေ ပြင်းထန်နေပြီး တိုက်ပွဲတွေကြောင့် နှစ်လနီးပါး လမ်းကြောပိတ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အခြေခံစားသောက်ကုန်ဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တမူးမြို့မှာ ခရမ်းချဉ်သီး ၁ ပိဿာ ၉,၀၀၀ ဝန်းကျင်၊၊ ဂေါ်ဖီထုပ် ၁ ပိဿာ ၆,၀၀၀ ဝန်းကျင်၊ ကြက်သွန်နီ ၁ ပိဿာ ၁၀,၀၀၀ ကျော်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၇,၀၀၀ ကျော်ရှိနေပြီး ကြက်ဥတလုံးကို ၈၀၀ ကျပ်အထိ စျေးမြင့်တက်နေတယ်လို့ ဆိုပါတယ်။

တမူးဒေသခံတဦးက “အာလူးက အိန္ဒိယဘက်ကဝင်ပြီး တောလမ်းကနေ သယ်ရတော့ ဈေးသင့်တယ် ပြောရမယ်။ အရင်‌ဈေးထက်တော့ များတယ်။ ၁ ပိဿာ ၄,၅၀၀ ရှိတယ်။ ခရမ်းချဉ်သီးဆိုရင် တလုံးကို ၅၀၀ နှုန်းနဲ့ရောင်းတာ။ ပိဿာလုံးတောင်‌ မရောင်းချင်ကြတော့ဘူး။ ဆန်ဈေး၊ ဆီဈေးကလည်း များတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန်‌ဈေး၊ ဆီဈေး မြင့်တက်လို့ ထမင်းတောင် လျေှာ့စားနေရတဲ့ အခြေအနေ ဖြစ်နေပြီး ဆန်ကြမ်းတအိတ်ကို ၁၂၀၀၀၀ ကျပ် ဝန်းကျင်နဲ့ နေကြာဆီ ၁၀ ပိဿာတပုံးကို ၁ သိန်းခွဲအထိ ရှိနေကာ ပဲဆီက‌တော့ တပုံးကို ၁ သိန်း ၈ သောင်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

အဝင်လမ်းမရှိတာ‌မို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်‌‌နေတာကြောင့် နေထိုင်စားသောက်ရေးပိုင်းမှာ အခက်တွေ့နေပြီး စားသောက်ကုန်အတွက် ငွေကြေးပိုကုန်ကျနေတယ်လို့ တမူးဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကုန်ဈေးနှုန်းတက်‌တော့ အစစအရာရာ ခက်ခဲတယ်။ တချို့ကုန်ပစ္စည်းတွေဆို ပြတ်တယ်။ လက်ထဲ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူး။ ရှိတဲ့ စားသောက်ကုန်တွေကလည်း သိပ်မလတ်တော့ဘူး။ စားသောက်ကုန်တွေ ဈေးတက်တော့ ရှိတဲ့ပိုက်ဆံက ဟင်းဖိုးပဲ ဖြစ်နေတယ်။”

ဒါ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာလည်း အောက်တိန်း ၉၂ ဓာတ်ဆီတလီတာကို ကျပ် ၆,၀၀၀ ဝန်းကျင်ထိ ပေးဝယ်နေရကာ ၉၅ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ လုံးဝပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ တမူးဒေသခံ ပူးပေါင်းတပ်တွေကြား ဇွန်လလယ်ပိုင်းက ပန်းသာရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကလေး-တမူး လမ်း‌ကြောင်း ပိတ်ဆို့‌နေတာလို့ သိရပါတယ်။

ကလေး-တမူးလမ်းကြောင်း ဒီနေ့အထိ ပိတ်ပင်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က‌ရော တမူးကာကွယ်ရေးတပ်ဘက်ကပါ တစုံတရာ ပြောဆိုထားတာတော့ မတွေ့ရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း ဒေသအသီးသီးမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေသလို ကျပ်ငွေတန်ဖိုးလည်း ကျဆင်းနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013