DVB Logo
Home
မြန်မာသတင်း
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကျရာကဏ္ဍမှ ပါဝင်ရန်  KNPP တိုက်တွန်း
DVB
·
August 9, 2023
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကျရာကဏ္ဍမှ ပါဝင်ရန်  KNPP တိုက်တွန်း
Donate to DVB

ကရင်နီပြည်သူလူထုတရပ်လုံးအနေနဲ့  အမျိုးသားအရေးအတွက် ရောက်ရာအရပ်၊ ကျရာ အခန်းကဏ္ဍကနေ စည်းလုံးညီညွတ်စွာနဲ့ အာဏာရှင်စနစ် ခုခံတော်လှန်ရေးမှာ  ဆက်လက်ပါကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တိုက်တွန်းပါတယ်။

ဩဂုတ် ၉ ရက် ဒီနေ့ ကျရောက်တဲ့ ၇၉ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ပေးပို့တဲ့သဝဏ်လွှာမှာ ကေအန်ပီပီက အခုလို တိုက်တွန်းလိုက်တာပါ။ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ ကရင်နီ ပြည်သူတရပ်လုံးလိုလားတဲ့ တန်းတူရေး ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်  အပြည့်အဝ ရရှိရေး အလွှာအသီးသီမှ အင်အားစုတွေ ဆက်လက်ပြီး တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်ခဲ့တဲ့ ကရင်နီပြည်နယ်ကို ဖဆပလ အစိုးရလက်ထက် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၉ ရက်မှာ မြန်မာစစ်တပ်က ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ခုံတော်လှန်ခဲ့တာ  ၇၅ နှစ်ရှိနေပြီဖြစ်ပါတယ်။

ကရင်နီ အမျိုးသားစုတရပ်လုံး ဆင်နွှဲလာခဲ့တဲ့တရားသော ခုခံတော်လှန်ရေးစစ်ဟာ ဆုံးရှုံးခဲ့ရတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပြန်လည် ရရှိရေး၊ ကရင်နီအမျိုးသားတို့အတွက် တန်းတူရေးနဲ့ ဒီမိုကရေစီအခွင့်အရေး ရရှိရေးနဲ့  ကရင်နီလူထုတရပ်လုံး ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ရေးဖြစ်ကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး  စစ်တပ်က နိုင်ငံတဝန်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းတဲ့အတွက် ပြည်သူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ကြရပါတယ်။

ကရင်နီလူထု ၂ သိန်း ကျော်မှာလည်း စစ်ဘေးရှောင်အဖြစ် အတိဒုက္ခပေါင်းများစွာကြားက အသက်ဆက်နေရသလို လူ ၄၀၀ ကျော်မှာလည်း မြန်မာစစ်ရပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

မြန်မာစစ်တပ်ဟာ အခုချိန်ထိ ကရင်နီပြည်ကို ထိုးစစ်ဆင်ပြီး ကရင်နီပြည်သူတွေပေါ် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေကြောင်းလည်း ဖော်ပြပါတယ်။

ကရင်နီပြည်သူလူထုရဲ့ ဘဝလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်ရေးနည်းနဲ့လည်းကောင်း၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံး တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းအားဖြင့်သော်လည်းကောင်း၊ ဘဝတူ တိုင်းရင်းသားနဲ့လက်တွဲပြီး ပါဝခုခံတော်လှန်ကြောင်း ဖော်ပြပါတယ်။

ကရင်နီပြည်သူတွေဟာ အစဉ်အလာအရ မတရားမှုကို ငြိမ်ခံသူတွေမဟုတ်ဘဲ ၁၉၄၈ ခုနှစ်မှာ မြင်တွေ့ခဲ့ရတဲ့ ခုခံတော်လှန်ရေးစိတ်ဓာတ်နဲ့ မြန်မာစစ်တပ်နဲ့ စနစ်ဆိုးကို ဘက်ပေါင်းစုံကနေ အရှိန်အဟုန်နဲ့ တော်လှန်နေတာကို တွေ့မြင်ရကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

ဘီစီ ၇၃၉ ခုနှစ်မှ စတင်ကာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ သီးခြားလွတ်လပ်ပြီး ခိုင်မာတဲ့ သမိုင်းကြောင်းနဲ့ သွင်ပြင်လက္ခဏာတွေအပေါ် အခြေခံကာ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ကရင်နီပြည်ဟာ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၁၉  ရက်မှာ မကြာမီ လွတ်လပ်လာမယ့် မြန်မာပြည်ရဲ့ ပြည်နယ်တခုအဖြစ် ပူးပေါင်းပါဝင်သွားဖို့ လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ ဆန္ဒသဘောထား ဆုံးဖြတ်ချက်မပါဘဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့အတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် ကရင်နီပြည်ဟာ မြန်မာပြည်အတွင်း ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလတပ်တွေက ကရင်နီပြည်ထောင်စုကောင်စီ ရုံးစိုက်ရာ မန်းလား(မြလဲ)ရွာကို ဩဂုတ် ၉ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လွတ်လပ်တဲ့ ကရင်နီပြည် ပြန်လည်တည်ထောင်ရေးကို မျှော်မှန်းပြီးတော့ ကရင်နီခေါင်းဆောင်တွေဟာ မြန်မာပြည် ဖဆပလအစိုးရကို လက်နက်ကိုင် ခုခံတော်လှန်ရေးနဲ့ စတင်ဆင်နွှဲခဲ့ကြတဲ့နေ့ကို  ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ထိုင်း-မြန်မာနယ်စပ် အပြင် ကရင်နီအမျိုးသားအများစု နေထိုင်ရာ ဒေသတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013