
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၄ ရက်နေ့ မနက်ပိုင်းက မြင်းခြံခရိုင် တပ်ရင်း ၅ MG6-ပြောက်ကျားတပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုက လာရောက်ပစ်ခတ်လို့ တပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၅ MG6 ပြောက်ကျားတပ်ဖွဲ့တာဝန်ခံတွေ သြဂုတ် ၄ ရက်နေ့ မနက် ၉ နာရီလောက်က ကန်ဦးရွာစာသင်ကျောင်းနားမှာ ဧည့်သည်နဲ့ စကားပြောနေတဲ့အချိန် ရေလယ်ကျွန်းဒေသတပ်ပေါင်းစုက အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့လို့ တပ်ရင်းမှူး ကိုချမ်း(ခ)ဗိုလ်ကျော်လင်းထွန်းကျဆုံးခဲ့ရတယ်လို့ MG6-ပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
ရေလယ်ကျွန်းတပ်ပေါင်းစုက MG6-ပြောက်ကျားတပ်ဖွဲ့ကို ဝိုင်းဝန်းပိတ်ဆို့ထားသလို MG6 ရဲဘော်တချို့ ဖမ်းဆီးခံထားရပြီး ကျန်တဲ့ရဲဘော်တွေကတော့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ရေစကြိုမြို့နယ်ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက “မြင်းခြံက MG6 ပြောက်ကျားတပ်ဖွဲ့က ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာ လာနေပြီး နည်းနည်း ဗိုလ်ကျတာတွေ၊ စိုးမိုးတာတွေ သူတို့က များတယ်ဗျ။ ဒေသမှာရှိတဲ့ အဖွဲ့တွေနဲ့ ခဏခဏ ပွတ်တိုက်မှုဖြစ်လို့ MOD ကိုတိုင်ကြားပေမယ့် အရေးယူမှုမရှိဘူး။ သင်္ဘောတွေ ဖမ်းတယ်။ ပြန်ပေးဆွဲတာတွေ၊ လူဖမ်းတာတွေ အရမ်းလုပ်တယ်။ မနေ့က သြဂုတ် ၃ ရက်နေ့ ညကလည်း ရေလယ်ကျွန်းမှာရှိတဲ့ ရွာတရွာက ရပ်ကျေးပအဖကို သူ့တို့အဖွဲ့က ဝင်ဖမ်းတာမှာ မတွေ့တော့ ပအဖရဲ့ ဇနီးနဲ့ လူမမယ်ကလေးတယောက်ကို ဖမ်းသွားတယ်” ဆိုပါတယ်။
ရေလယ်ကျွန်းမှာရှိတဲ့ Local အဖွဲ့တွေနဲ့ ရပ်ရွာပကဖတွေက မခံမရပ်နိုင်ဖြစ်ပြီး လိုက်တောင်းတာမှာ မပေးတော့ သြဂုတ် ၄ ရက်နေ့မနက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး MG6 က ခေါင်းဆောင် ကိုချမ်း သေဆုံးခဲ့တယ်လို့လည်း ရဲဘော်ဝေကြီးက ပြောပါတယ်။
MG6 ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တချို့တဝက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တချို့ကလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။










