Home
မြန်မာသတင်း
စစ်ကိုင်းတွင် ပျူစောထီးများလိုက်လာသည့်ကား မိုင်းထိ၊  ပုလဲမြို့နယ်၌ စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်
DVB
·
August 4, 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ သြဂုတ် ၄ ရက် မနက် ၅ နာရီခွဲလောက်က ဆင်တပ်ရွာကနေ ထွက်လာတဲ့ အင်အား ၁၀ ဦးလောက်ရှိတဲ့ ပျူစောထီးကားကို မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ Fight For Federal က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေဟာ ဆင်တပ်ရွာမှာ အထိုင်ချနေတာဖြစ်ပြီး ကျေးရွာလူမှုကူညီရေးကားနဲ့ စီးနင်းလိုက်ပါလာခဲ့ရာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားခဲ့တာပါ။

Fight For federal အဖွဲ့ တာဝန်ခံက “မိုင်းက ၄ လုံးခွဲတာ ၄ လုံးစလုံး ကွဲတယ်။ မိုင်းထိတဲ့အချိန် ပျူကားက ထိုးရပ်သွားပြီး ဒဏ်ရာရတဲ့သူတွေကို အိမ်စီးကားနဲ့ လာခေါ်သွားတယ်လို့ သိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Fight for Federal၊ Phoenix SGG၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ အညာသားလေး SGG နဲ့ စစ်ကိုင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သူမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပျူစောထီးတွေကို အိမ်စီးကားနဲ့ လာရောက်သယ်ယူသွားပြီး စစ်ကိုင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနဲ့ ဇီးဖြူကုန်းရွာကြားမှာလည်း ဒီနေ့ မနက် ၈ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က စတင်ကာ အင်မထီးကျေးရွာကနေ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ဒီနေ့ မနက်ခင်း ၈ နာရီ‌ကျော်လောက်က တိုက်ပွဲဖြစ်သေးတယ်။ အကျအဆုံးကတော့ အတိအကျ မသိရဘူး။ ကျနော်တို့ ဒေသခံတွေကတော့ မင်းအောင်လှိုင်ရဲ့ (--)စစ်တပ် လာတယ်ဆိုရင်ကို အငြိမ်ကို မနေရပါဘူးဗျာ။ အခုလည်း မိုးရွာကြီးထဲကို ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မင်တိုင်ပင်ရွာကနေ မနက်ခင်းပိုင်းက စစ်ကြောင်းစထိုးလာပြီး ငှက်ပျောတောရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံတွေရဲ့ ဆန်၊ ဆီနဲ့ စားစရာတွေကို ယူဆောင်ကာ ဇီးဖြူကုန်းပျူရွာကို ရိက္ခာအဖြစ် ပို့ဆောင်ဖို့ စီစဉ်နေကြတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ပုလဲဒေါင်းညိုအဖွဲ့ခေါင်းဆောင်က “တိုက်ပွဲကတော့ သူတို့ အင်မထီးက ထွက်လာကတည်းက ကာကွယ်ရေးအဖွဲ့တွေနဲ့ နေ့တိုင်း တိုက်ပွဲဖြစ်နေတာပဲ။ ဒီနေ့လည်း ဒီကောင်တွေ ငှက်ပျောတောရွာကပစ္စည်းတွေ နွားလှည်းတွေနဲ့တင်ပြီး ဇီးဖြူကုန်းပျူရွာကို သယ်ပို့တာကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက အလစ်ဝင်ပစ်ခတ်တာ။ အတိအကျကတော့ ‌စခဘက်က (--)တကောင်က‌ေတာ့ စနိုက်ဘာစာမိသွားပြီး သေတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ကျနော်တို့ဘက်ကတော့ ပြောက်ကျားစနစ်နဲ့ အလစ်ဝင်တိုက်တာကြောင့် အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ပုလဲဒေသခံတွေကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် မိုးဦးနှမ်းတွေ ရိတ်သိမ်းချိန် ရောက်ရှိနေပေမဲ့ မရိတ်သိမ်းနိုင်ဘဲ နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024