DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်း (ပကဖ) က 96 Soldier အဖွဲ့ကို နယ်မြေအတွင်း အခြေချနေထိုင်ခွင့်မပြု
DVB
·
August 1, 2023
ဒီပဲယင်း (ပကဖ) က 96 Soldier အဖွဲ့ကို နယ်မြေအတွင်း အခြေချနေထိုင်ခွင့်မပြု
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာတရွာမှာ အခြေချဖို့ ပြောင်းရွှေ့လာတဲ့ 96 Soldier (LPDF) အဖွဲ့ကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ မဟုတ်ဟုဆိုကာ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေထိုင်ခွင့် မပြုခဲ့ဘူးလို့ အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ဒီဗွီဘီကို ပြောပါတယ်။

96 Soldier အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေး (LPDF) အဖွဲ့တခု ဖြစ်ပါတယ်။ ဒီပဲယင်းမြို့နယ်ဘက်ကို နယ်မြေပြောင်းရွှေ့လာချိန်မှာ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံလက်မှတ် ရေးထိုးထားတဲ့စာနဲ့ နယ်မြေအတွင်း အခြေချနေထိုင်ခွင့်မပြုဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

96 Soldier (LPDF) အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က “ဒီစာက စစ်ဒေသရုံးရဲ့စာကို ရည်ညွှန်းပြီး ပြန်ထုတ်တယ်ပေါ့နော်။ စစ်ဒေသရုံးရဲ့ စာမှာက တကယ်တမ်းကျတော့ နေထိုင်ခွင့်မပြု ဆိုတဲ့ဟာကို မပြောထားဘူး။ Local PDF တွေနဲ့ မဆက်ဆံဖို့၊ တပ်ပေါင်းစုတွေထဲ မပါဝင်ဖို့ ညွှန်ကြားထားတာ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါကို သူတို့ ထုတ်ပြန်တဲ့ အခါကျတော့ နေထိုင်ခွင့်မပြုဆိုတာကို ဆက်ထည့်တယ်ပေါ့နော်။ ဒါက မြို့နယ်တာဝန်ခံရဲ့ သဘောနဲ့ပဲ ထည့်တယ်လို့ ကျနော် နားလည်လိုက်ပါတယ်။ ဒီစာကို ခရိုင်၊ တိုင်း၊ NUG အစိုးရကလည်း သိရှိခြင်းမရှိဘဲ မြို့နယ်က ထုတ်လိုက်တယ်လို့ပဲ နားလည်လိုက်ပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၄ ရက် ရက်စွဲနဲ့ အဲ့ဒီစာမှာတော့ NUG ရဲ့ ညွှန်ကြားချက်အောက်မှာ မရှိတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆက်သွယ်တာ၊ ဝင်ရောက်နေထိုင်တာ ခွင့်မပြုဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်-၁ စစ်ဒေသရုံးရဲ့ ညွှန်ကြားချက်အရ ထပ်ဆင့် ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ပါရှိပါတယ်။

ပူးတွဲပါရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်-၁ စစ်ဒေသရုံးရဲ့ ဇွန်လ ၂၈ ရက်က ထုတ်ပြန်တဲ့ ညွှန်ကြားစာမှာတော့ ညွှန်ကြားချက်မရှိဘဲ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ခြင်းမပြုရန်လို့သာ ပါရှိတာကို တွေ့ရပါတယ်။

ဒီအကြောင်းကြားစာနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးထားတဲ့ မြို့နယ်တာဝန်ခံနဲ့ ဆက်သွယ်စကားပြောခဲ့ပေမဲ့ တိတိကျကျ ပြောဆိုဖြေရှင်းမှုမျိုး မရရှိခဲ့တာကြောင့် တိုင်းနဲ့ ခရိုင် တာဝန်ခံတွေကို ဆက်လက်ဆက်သွယ်ထားတယ်လို့ ကိုဇေယျာလွင်က ဆိုပါတယ်။

လက်မှတ်ရေးထိုးညွှန်ကြားခဲ့တဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးတာဝန်ခံ ဦးမောင်မောင်ဆွေကို မေးမြန်းနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013