DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ၊ ဒီးမော့ဆို၊ နမ်ဆန်ယန်နှင့် လိုင်ဇာက စစ်ရှောင်အပါအဝင် ပြည်သူများ အကူအညီလိုအပ်
DVB
·
August 1, 2023
ဂန့်ဂေါ၊ ဒီးမော့ဆို၊ နမ်ဆန်ယန်နှင့် လိုင်ဇာက စစ်ရှောင်အပါအဝင် ပြည်သူများ အကူအညီလိုအပ်
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာအနီးက ချောင်းဘေးမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံ ၄၀၀‌ ကျော်ဟာ ရုတ်တရက် ချောင်းရေလျှံမှုကြောင့် စစ်ရှောင်တဲတချို့ ပျက်စီးသွားပြီး နေရာပြောင်းရွှေ့နေထိုင်နေရတယ်လို့ ထယ်လှော်ရွာခံတွေက ပြောပါတယ်။

ဇူလိုင် ၃၁ ရက် မနက် ၁ နာရီဝန်းကျင်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချောင်းရေက ရုတ်တရက် မြင့်တာလာတာကြောင့် ညကြီးအချိန်မတော် နေရာပြောင်းရွှေ့ခဲ့ရတာလို့ ဆိုပါတယ်။

ထယ်လှော်ရွာခံတဦးက “ရွာက မီးရှို့ခံရပြီးနောက် ချောင်းဘေးမှာ စစ်ဘေးရှောင်နေတာ တနှစ်ကျော်ကြာပြီ။ လတ်တလော စစ်ဘေးရှောင်တွေကတော့ တခြား ရေလွတ်တဲ့ တဲတွေဆီမှာ ခိုကပ်နေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ချောင်းရေလျှံမှုကြောင့် ထယ်လှော်ရွာက တောင်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းဧက ၁၀၀ ကျော်လည်း ရေနစ်မြုပ်ပျက်စီးခဲ့သလို စစ်ဘေးရှောင်တဲ ၂၀ ကျော်လည်း ရေနစ်မြုပ်ခဲ့ပါသေးတယ်။

အဲ့ဒီရေကြီးတဲ့ ချောင်း‌‌တွေဟာ ဒေသအခေါ် တင်းလဲချောင်းနဲ့ လောင်ဂတ်ချောင်းလို့ အမည်ရပြီး ချင်းတောင်ပေါ်ကနေ စီးဆင်းလာတဲ့ တောင်ကျချောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ထယ်လှော်ကျေးရွာကို ၂၀၂၁ ခုနှစ် ၉ လပိုင်းကစတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ် ၄၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာသားတွေက ကျေးရွာမှာ မနေရဲကြတော့ဘဲ တောတောင်တွေထဲမှာသာ နေထိုင်နေကြတော့တာလို့ ရွာခံတွေက ပြောပါတယ်။

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စစ်ရှောင်စခန်းတွေမှာ အခုတပတ်အတွင်း ဆန်ပြတ်လပ်မှုတွေ ရှိနေပြီလို့ Jobs for kayah တာဝန်ရှိသူတယောက်က ပြောပါတယ်။

“စစ်ရှောင်စခန်းတခုက အိမ်ခြေ ၇၀ လောက်မှာ အိမ်ခြေ ၆၀ လောက်က ဆန်ပြတ်လပ်မှု ခံနေရတာပေါ့နော်။ တချို့ဆို ဆန်တဘူးပဲ ကျန်တာရှိတယ်။ တချို့ဆို ဆန်ကျန်သေးတဲ့ အိမ်တွေကနေ လိုက်ပြီးတော့ အကူအညီတောင်းရတယ်။ ကူညီပေးတဲ့ အဖွဲ့အစည်းတွေလည်း အများကြီး လျော့နည်းကုန်တယ်။ ကျနော်တို့ အပါအဝင်ပေါ့။”

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ရှောင်ပြည်သူ သောင်းချီရှိနေပြီး ဆန်ပြတ်လပ်သူ ဦးရေက ရာခိုင်နှုန်းအနေနဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိ ပြတ်လပ်နေပြီလို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတချို့က မိမိနေရပ်ကို အရဲစွန့်ပြီး တောင်ယာပြန်လုပ်တဲ့သူတွေရှိပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကို ကြောက်လို့ ပြန်တဲ့သူ နည်းပါးတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးချိန်ကစပြီး စစ်ဘေးရှောင်ရတဲ့ပြည်သူပေါင်း ၃ သိန်း နီးပါးထိ ရှိနေပြီး စစ်ဘေးရှောင်ရတဲ့ကာလ ကြာမြင့်လာတာနဲ့အမျှ ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေပြီး ဆန်ပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတွေဆီက သိရပါတယ်။

ဇူလိုင် ၃ ရက်က စတင်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်ဇာမြို့အနီးတဝိုက်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားပြီး စစ်အင်အား တိုးချဲ့နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေကြရပါတယ်။

၁ လဝန်းကျင်လောက် ကြာမြင့်လာတဲ့ တိုက်ပွဲတွေနဲ့ ပိတ်ဆို့မှုတွေကြောင့် ကုန်သွယ်မှုပြုလုပ်ဖို့ မလွယ်ကူတော့ဘဲ ကုန်စျေးနှုန်းတွေ အလွန်မြင့်တက်နေတယ်လို့ ကုန်စုံရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။

“မနှစ်က တရုတ်ငွေ တယွမ်ကို မြန်မာငွေ ၃၀၀ ဝန်းကျင်ပေါက်တယ်။ အခု တယွမ်ကို ၄၆၀ ဖြစ်နေပြီ။ တရုတ်ငွေနဲ့ ပစ္စည်းအရောင်းဝယ်လုပ်ရင် တယွမ် ၅၀၀ ပေါက်တယ်။ အခု လမ်းပိတ်ထားတာ တလရှိတော့မယ်။ ကြက်ဥတလုံး ၅၀၀ လောက်ရှိနေပြီ၊ စားဝတ်နေရေး အရမ်းခက်ခဲနေပြီ။”

ဇူလိုင် ၂၃ ရက်က ငွေစက္ကူနှစ်သောင်းတန် ထုတ်မယ်လို့ ကြေညာပြီးနောက်ပိုင်းမှာ တတ်ရိပ်ပြနေတဲ့ တရုတ်ယွမ်ငွေစျေးကွက်ဟာ နေ့စဥ် တည်ငြိမ်မှုမရှိဘဲ အရောင်းအဝယ် လုပ်နေရတာကြောင့် ငွေလှဲလှယ်မှုကို ငွေလဲကောင်တာတွေက အကန့်အသတ်နဲ့ပဲ ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

“အရင်ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေကို သွားလာခွင့် မပြုထားဘူးလေ။ အခု လမ်းပိတ်ထားတော့ အရင်လို ကုန်သွယ်လို့မရတော့ဘူး။ သွားရေးလာရေး လမ်းကြေးတွေ အရမ်းများသွားပြီ၊ တိုက်ပွဲနဲ့ဘာနဲ့ အန္တရာယ်လည်း များတယ်” လို့ ကားဆရာတဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရေးတင်းမာနေတဲ့ ဒေသဖြစ်တဲ့အလျောက် နေ့စဥ်နီးပါး လက်နက်ကြီး ပစ်ခတ်တာတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ငါးကြိမ်ထက်မနည်း ရှိနေတာကြောင့် စစ်ဘေးရှောင်တွေဟာ လိုင်ဇာမြို့နဲ့ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတွေဆီကို ထပ်မံတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013