
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တည်ထားကိုးကွယ်နေတဲ့ နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲအတွက် နိုင်ငံ ၅ ခုက သံဃာတော်တွေ ဇူလိုင် ၂၉ ရက်နေ့က ရန်ကုန်မြို့ကို ကြွရောက်လာပါတယ်။
မနေ့ နေ့လယ်ပိုင်းမှာ အိန္ဒိယ၊ ထိုင်း၊ လာအို၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့က သံဃာတော်တွေနဲ့ တပည့်ဒကာတွေ ရန်ကုန်မြို့ကို လေကြောင်းလိုင်းနဲ့ ရောက်လာခဲ့ပြီး သီတဂူဆရာတော်က သွားရောက်ကြိုဆိုခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြတယ်လို့ သိရပါတယ်
စစ်အာဏာသိမ်းတာကို တွန်းလှန်သပိတ်မှောက်တဲ့ သံဃာတော်တွေကတော့ သွေးစွန်းငွေနဲ့ တည်ထားတဲ့ဘုရား အနေကဇာတင်ပွဲကို ကြွရောက်ခဲ့တာဟာလည်း စစ်ကောင်စီကို တနည်းတဖုံနဲ့ထောက်ခံနေတာဖြစ်တယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးကွန်ရက် ဆရာတော်အရှင်တေဇာနန္ဒက "ပြည်သူတွေနေ့စဉ် အသတ်ခံနေရတယ်။ သံဃာတော်တွေလည်းပါတယ်။ မြို့တွေရွာတွေကို မီးရှို့နေတဲ့ အချိန်မှာ တည်တဲ့အတွက် စေတီတော်လို့မသတ်မှတ်ဘူး။ ကျောက်ဆင်းတု တခုသာ ဖြစ်တယ်။ ဒီလိုအချိန်မှာ စေတီတွေတည်၊ ကျောင်းဆောင်တွေ တည်နေတယ်ဆိုတာ သာသနာတည်နေတာ မဟုတ်ပါဘူး။ သွေးစွန်းငွေနဲ့ ဟန်ပြ ဘုရား တည်နေတာသာ ဖြစ်တယ်။ ဘာသာရေးကိုအသုံးချပြီး အခုလို ဆောင်ရွက်နေတာ ဖြစ်တယ်လို့" ဒီဗွီဘီကို မိန့်ကြားပါတယ်။
ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်နားမှာ မဟာဝိဇယစေတီကိုတည်ခဲ့သလို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေနဲ့ဟာလည်း နေပြည်တော်မှာ ရွှေတိဂုံစေတီတော်ပုံတူ ဥပ္ပါတသန္တိစေတီကို တည်ခဲ့ပါတယ်။
အခု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ မာရဝိဇယ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်ကို တည်ထားတာ ဖြစ်ပြီး ပြည်သူအများကတော့ သူတို့ကို သာသနာပြုမင်းအဖြစ် အသိအမှတ်မပြုခဲ့ကြ ပါဘူး။
လာမယ့် ဩဂုတ် ၁ ရက်နေ့မှာ သံဃာအပါး ၉၀၀ ကျော်၊ လူပရိသတ် အများအပြားကို ဝင်ခွင့်ပြုပြီး အနေကဇာတင်ပွဲကျင်းပမှာဖြစ်တဲ့အတွက် နိုင်ငံ ၅ နိုင်ငံက သံဃာတော်တွေကို ဖိတ်ကြားခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဇူလိုင် ၂၃ ရက်နေ့ကလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ပြီးစီးတဲ့ အခြေအနေကို လုပ်ငန်းရှင်ခရိုနီတွေကို ဖိတ်ကြားရှင်းလင်းခဲ့ပြီး အဲဒီပွဲကနေ အလှူငွေ ၁၇ ဘီလံယံကျော်ရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။
Photo Cj










