
မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အရာရှိလိုင်းခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဇူလိုင် ၂၈ ရက် မနေ့ နေ့ခင်းပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတာတွေ ရှိနိုင်ပေမယ့် အတည်ပြုနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Aung San Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “ထိခိုက်သေဆုံးတဲ့အကြောင်းတော့ မသိရသေးဘူးဗျ။ နမခ ဘေးပတ်ချာလည်ကိုတော့ နယ်မြေရှင်းလင်းရေး လုပ်နေတယ် လို့တော့ ကြားရတယ်ဗျ။ ဒီနေ့တော့ ရေစကြို ဘက်ကနေ နမခ ဘက်ကို စစ်သင်္ဘောတွေ လာတယ်ဗျ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်းနဲ့ မုံရွာမြို့နယ် ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မဟာမိတ်တပ်တွေ အထိအခိုက်မရှိခဲ့ဘူး လို့ ဆိုပါတယ်။
Aung San Force အနေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အရေးပေါ်လိုအပ်နေတဲ့ လက်နက်ခဲယမ်း တွေကိုလည်း ကူညီပါဝင်အားဖြည့်ပေးကြဖို့နဲ့ စစ်ကောင်စီတပ်စခန်းရှိရာနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။











